အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနှင့် သတင်းထောက် ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား အရေးယူ

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနှင့် သတင်းထောက် ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား အရေးယူ

ဒီဇင်ဘာ ၁၃ ။           ။ သတင်းထောက် ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးအား ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြံုရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သည်ဟု ဖော်ပြပါရှိထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦး ကို လည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းထောက် ၂ ဦးအား  သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ဖော်ပြထားသည်။

အစိုးရလျှို့ဝှက်ချက်ဥပဒေနှင့် ပတ်သက်၍ “ ဒီ ဥပဒေဟာ ၁၄ နှစ်လောက်အထိသွားနိုင်တယ်။ ဒါ သတင်းမီဒီယာ လွတ်လပ်ခွင့်ရော လူ့အခွင့်အရေး အပုဒ် ၁၉ နဲ့ပတ်သက်တာရော မကိုက်ညီတဲ့အတွက် ဒါဟာမဖြစ်သင့်ပါဘူး။  ပြန်ဖြတ်သင့်ပါလို့ပြောချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဖမ်းဆီးခံသတင်းသမားများနှင့် ပတ်သက်ပြီး ထုတ်ပြန်စာတစ်စောင် ကိုလည်း ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်ပြီး  ယခုဖြစ်စဉ်အား အာဏာပိုင်များအနေဖြင့် ပွင့်လင်းမြင်သာရှင်းပြရန်နှင့် သတင်းစာဆရာများအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly