စစ်ကိုင်း၊ ကနီ အထက်တန်းကျောင်းတွင် အုပ်စုဖွဲ့ ရိုက်ပွဲဖြစ်ပွား၊ ကျောင်းသား ရ ဦးဒဏ်ရာရ

စစ်ကိုင်း၊ ကနီ အထက်တန်းကျောင်းတွင် အုပ်စုဖွဲ့ ရိုက်ပွဲဖြစ်ပွား၊ ကျောင်းသား ရ ဦးဒဏ်ရာရ
ဓာတ်ပုံ- ဦးထွန်းထွန်းဝင်း

ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့၊ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း အုပ်စုဖွဲ့ရိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျောင်းသား ရ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကနီမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းဝင်းက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် မဇ္စျိမသို့ အတည်ပြုပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် ကနီမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အလင်းရောင်စာသင်ဝိုင်းမှ ကြီးကြပ်ဆရာ ၂ ဦးနှင့် ကျောင်းသား ၂၁ ဦးက အ.ထ.က (၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ရှိ ၁ဝ တန်းနှင့် ၉ တန်းရှိ ကျောင်းသားများကို သံပိုက်များ၊ တုတ်များဖြင့် ဝင်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခုဖြစ်ခဲ့တဲ့ ရိုက်ပွဲက အရင် ကျောင်းသားနှစ်ဦး ရန်ဖြစ်တာကနေ စတာပေါ့။ သူတို့ကို ကျောင်းအုပ်ကြီးက ခံဝန်ထိုးခိုင်းခဲ့တာပေါ့။ ဒါကို မကျေနပ်တဲ့အတွက် စာသင်ဝိုင်းက ဆရာ ၂ ယောက်အပါအဝင် အဲ့ဒီက ကျောင်း သား ၂၁ ဦးက သံပိုက်လုံးတွေ၊ တုတ်တွေနဲ့ ကျောင်းထဲကိုဝင်ပြီး ရန်ဖြစ်တဲ့နေရာမှာ ပါတဲ့ကျောင်းသားတွေ ရော၊ မပါတဲ့ကျောင်းသား တွေရော ဝင်ရိုက်တာ။ ဆရာ၊ ဆရာမတွေဝင်တားတော့ ဆရာတွေကိုတောင်ရန်ပြု တဲ့ သဘောရှိတယ်”ဟု ဦးထွန်းထွန်းဝင်းကပြောသည်။

ထိုသို့ အုပ်စုဖွဲ့ဝိုင်းရိုက်မှုကျောင်း ၁ဝ တန်းနှင့် ၉ တန်းကျောင်းသား ရ ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာများ၊ လက်ကျိုးဒဏ်ရာများ၊ မျက်နှာကွဲဒဏ်ရာများရရှိခဲ့ကာ လက်ရှိတွင် ကျောင်းသား ၆ ဦးမှာ ကနီဆေးရုံတွင် ဆေးကုသမှုယူခံနေပြီး ကျောင်းသား ၁ ဦးကို မုံရွာဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း သိရသည်။ လက်ရှိတွင် ထိုသို့ ကျောင်းဝင်းအတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အလင်းရောင်စာသင်ဝိုင်းမှ ကြီးကြပ်ဆရာ ၂ ဦးနှင့် ကျောင်းသား ၂၁ ဦးတို့ကို ကျောင်းအုပ်ကြီး တရားလိုပြု တိုင်းတန်းချက်အရ ကနီမြို့မရဲစခန်းတွင် (ပ) ၂၆၂/ ၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၂၅/ ၃၅၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကာ အာမခံပေးထားကြောင်းသိရသည်။

အဆိုပါ ကြီးကြပ်ဆရာ ၂ ဦးနှင့် ကျောင်းသား ၂၁ ဦးတို့ကို အမှုဖွင့်ထားသော ပုဒ်မ- ၃၂၅ မှာ မိမိအလို အလျောက် အပြင်းအထန်နာကျင်စေမှုပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ရ နှစ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ ပုဒ်မ- ၃၅၃ မှာ တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို ဟန့်တားလက်ရောက်မှုကျူးလွန်ခြင်း (သို့) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြခြင်းအတွက် စွဲဆိုထားသောပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ၊ အနိမ့်ဆုံးငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ- ၁၁၄ မှာ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုဖြစ်ပြီး ပြစ်မှုထင် ရှားပါက အဆိုပါ ပြစ်ဒဏ်များအား အလားတူ ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly