ဦးကိုကိုကြီးဦးဆောင်သည့် နိုင်ငံရေးပါတီ ဒီဇင်ဘာ လကုန် မှတ်ပုံတင်မည်

ဦးကိုကိုကြီးဦးဆောင်သည့် နိုင်ငံရေးပါတီ ဒီဇင်ဘာ လကုန် မှတ်ပုံတင်မည်

ရန်ကုန် ဒီဇင်ဘာ ၆ ။          ။ ၈၈ မျိုးဆက် ဦးကိုကိုကြီးနှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များပါဝင်မည့် နိုင်ငံရေးပါတီကို လာမည့် ဒီဇင်ဘာလကုန်ပိုင်း၊ ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ပါတီနာမည်ပေး၍ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျာက ပြောသည်။

လက်ရှိအနေအထားတွင် ပါတီဖွဲ့စည်းပုံစည်းမျဉ်း များ စတင်ရေးဆွဲနေပြီး၊ ပြည်နယ်နှင့်တိုင်းအလိုက် ပါတီ ဖြစ်မြောက်ရေးကော်မတီများကို ဖိတ်ခေါ်၍ ယခု ဒီဇင်ဘာလအတွင်း စုံညီအစည်းအဝေးပြုလုပ်ကာ အတည်ပြု မည်ဟု ဦးမင်းဇေယျာက မဇ္ဈိမ သို့ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြောသည်။

" ပြည်နယ်နဲ့တိုင်းက ပါတီဖြစ်မြောက်ရေးအဖွဲ့တွေ နဲ့ စုံညီအစည်းအဝေးလုပ်ဖို့ စီစဉ်နေတယ်၊ အဲဒီ အစည်းအဝေးပြီးမှ မှတ်ပုံတင်တဲ့ကိစ္စတွေ ဘာတွေ လုပ်မယ်လေ၊ ၂၀၁၈ နှစ်ဆန်းပိုင်း၊ ဒါမှမဟုတ် အခု ဒီဇင်ဘာလကုန်မှာ အပြီးသတ်လုပ်ဖို့ လျာထားတယ်၊ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ လည်း ရှိနိုင်တာပဲ" ဟု ဦးမင်းဇေယျာက ပြောသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရုံးခန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း များတွင် ဖွင့်လှစ်ခဲ့ပြီး၊ ကျန်ရှိသည့်ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။

ပါတီ၏ နာမည်၊ မူဝါဒစည်းမျည်းစည်း ကမ်းများကို အနယ်နယ်အရပ်ရပ်မှ ပါတီဖြစ်မြောက် ရေးအဖွဲ့ဝင်အားလုံး စုံညီအစည်းအဝေးပြုလုပ်ပြီး နောက် အတည်ပြုသွားမည်ဟု ၄င်းက ဆက်လက် ပြော သည်။

" ပါတီနာမည်တွေ၊ စည်းမျည်းမူဝါဒတွေက အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုပြီး ချပြသွား မှာပါ၊ ပါတီမှတ်ပုံတင်တဲ့အခါ အပြည့်အစုံရှိရမယ် လေ၊ ပါတီမှတ်ပုံတင်ကျပြီးရင်တော့ ပါတီဖြစ် မြောက်ရေးကော်မတီက အလိုအလျောက် ပျက်ပြယ်သွားမှာ" ဟု ဦးမင်းဇေယျာက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကို ပါတီမှတ်ပုံတင်သည့် အခါ ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ၃ လပိုင်း၊ ၄ လပိုင်းများတွင် ပါတီ မှတ်ပုံတင်ကျလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီတွင် ဗဟို ဦးဆောင်ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန်ယူဆောင်ရွက်ပြီး၊ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဦးမင်းဇေယျာ၊ ဦးသက်ထွန်း၊ ဦးရဲနိုင်အောင်တို့ပါဝင်ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ အဓိက ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly