ဂျာမနီ၌ မီးရထားနှစ်စီးတိုက်မိသောကြောင့် လူ ၅၀ နီးပါးခန့် ဒဏ်ရာရရှိ

ဂျာမနီ၌ မီးရထားနှစ်စီးတိုက်မိသောကြောင့် လူ ၅၀ နီးပါးခန့် ဒဏ်ရာရရှိ

ဘာလင်၊ ဂျာမနီ၊ ဒီဇင်ဘာ ၆ ။             ။ ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ ဒူဆယ်လ်ဒေါ့ဖ်မြို့၌ အင်္ဂါနေ့က ခရီးသည်တင်မီးရထားတစ်စီးနှင့် ကုန်တင်ရထား တစ်စီးတို့ တိုက်မိခဲ့သောကြောင့် လူ ၄၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အကြီး အကျယ်လုပ်ဆောင်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ခရီးသည်များထဲမှ ၃ဦးမှာ ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး အများစုမှာ အသေးစားဒဏ်ရာများသာ ရရှိခဲ့ကြောင်း မီယာဘုချ်မီးသတ်ဌာနက ၄င်းတို့၏တွစ်တာမှတဆင့် အသိပေးကြေညာခဲ့သည်။

ခရီးသည်တင်မီးရထားသည် စုစုပေါင်းခရီးသည် ၁၅၅ဦးခန့်ကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်တစ်ခုဖြစ်သော နော့သ်ရိုင်းဝက်စ်ဖာလီယာရှိ မီယာဘုချ်အော် စတာရက်သ် ဘူတာအနီး၌ ဒေသစံတော်ချိန် ညနေ ရး၃၀နာရီ၌ ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဖြစ်ရပ်၏ အကြောင်းရင်းကို လောလောဆယ်တွင် မသိရသေးကြောင်း မီးသတ်ဌာနက ပြောခဲ့သည်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အဖွဲ့က အခြေအနေအားလုံးကို တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်နိုင်ပါပြီ။ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးရုံသို့ တဖြည်းဖြည်းချင်း ပို့ဆောင်နေပါတယ်” ဟု ယင်းမီးသတ်ဌာနက တွစ်တာ၌ ရေးသားခဲ့သည်။

ဂျာမနီနိုင်ငံပိုင် မီးရထားအော်ပရေတာဖြစ်သည့် ဒေါ့ချီဘန်း (Deutsche Bahn) မှ ပြောရေးဆိုခွင့်ရှိသော အမျိုးသမီးတစ်ဦးက DPA သတင်းဌာနအား ဗြိတိန်မှပိုင်ဆိုင်သည့် National Express မီးရထားသည် ရပ်ထားသည့် DB ကုန်တင်ရထားကို ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

မီးသတ်ဌာနမှ တွစ်တာပေါ်၌ဖော်ပြခဲ့သော ဓာတ်ပုံများထဲ၌ မီးရထား၏ ပျက်စီးနေသော ပထမဦးဆုံးတွဲကို မြင်တွေ့ရပြီး ကျန်တွဲများမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

National Express ၏ ပြောရေးဆိုခွင့်ရှိသူက Bild သတင်းစာအား ၄င်းတို့ပိုင်ဆိုင်သော မီးရထား၏ စက်ခေါင်း ဆရာသည် ရထားပြေးလမ်းပေါ်၌ အဟန့်အတားများကို တွေ့မြင်ခဲ့ရသောကြောင့် အရေးပေါ်ဘရိတ်ကို ချက်ချင်းအုပ်ခဲ့ကြောင်း ပြောခဲ့သည်။

ယင်းမတော်တဖြစ်ရပ်နှင့်ပက်သက်၍ ဂျာမနီ၏အဓိပတိဖြစ်သူ အိန်ဂျယ်လာမာကယ်လ်က လုပ်ဆောင်စရာရှိ သည်များကို ညွှန်ကြားထားပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်လျက်ရှိကြောင်း သူမ၏ပြောရေးဆိုခွင့်ရှိသူက တွစ်တာမှတဆင့် အသိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly