ထိုင်းနိုင်ငံတောင်ပိုင်း၌ လူပေါင်း ၈သိန်းကျော်ခန့် ရေဘေးဒုက္ခကြံုတွေ့နေရပြီး ၅ဦးခန့်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၌ လူပေါင်း ၈သိန်းကျော်ခန့် ရေဘေးဒုက္ခကြံုတွေ့နေရပြီး ၅ဦးခန့်သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၃ ။          ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၈သိန်းကျော်ခန့် ရေဘေးဒုက္ခကြံုတွေ့နေရပြီး ခရိုင်အများအပြားကို ရေလွှမ်းမိုးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

နိုဝင်ဘာလ ၂၅ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ယခုအချိန်ထိ သေဆုံးသူ ၅ဦးခန့် အထိရှိပြီဖြစ်ကြောင်း သိရသည်။

ပတ်ထနီ၊ ယာလာ၊ ဆောင်ခလာ၊ ပတ်ထလန်၊ တရန်၊ ဆာတန်၊ နရာသီဝတ်၊ နတ်ခ်ခွန်စီထမ်မာရတ်နှင့် ဆူရတ်ထနီခရိုင်တို့သည် လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုနှင့်ကြံုတွေ့နေရပြီး အဓိကလမ်းမကြီးများ ပြတ်တောက်နေပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းခရိုင်များထဲမှ ပတ်ထနီခရိုင်သည် ရေလွှမ်းမိုးမှုအပြင်းထန်ဆုံးဒေသဖြစ်ပြီး ယင်းဒေသမှလူပေါင်း ၂၈၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသလို ယာလာခရိုင်မှလူပေါင်း ၁၁၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသည်။

ထိုင်းနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးခရိုင်များထဲမှတစ်ခုဖြစ်သော ဆောင်ခလာခရိုင်၌ ရေကြီးမှုပြင်းထန်လျက်ရှိ ပြီး ဆောင်ခလာကန်ကြီးအနီး၌ရှိသော ခရာဆေးဆင်၊ ရာနော့၊ ဆသင်ပရာနှင့် ဆင်ဟာနတ်ခ်ခွန်းဒေသတို့၌ စိုးရိမ်ဖွယ်အနေအထားရှိကြောင်း သိရသည်။  

အာဏာပိုင်များသည် ယင်းကန်ကြီး၏ရေအမြင့်ကို လျှော့ချနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ထိုင်းပင်လယ်ကွေ့အတွင်း သို့ ရေများကိုလွှဲထုတ်နိုင်ရန် စီစဉ်လျက်ရှိကာ ရေကြီးမှုသည် တစ်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။

ဆန်ဂိုင်ဂိုလော့ခ်မြစ်ကြီး၏ မြစ်ရေသည် ၄င်း၏ကမ်းနဘေးရှိ နရာသီဝတ်ခရိုင်ထဲသို့ လျှံတက်လာပြီး ရေကြီးမှု ဖြစ်ပေါ်လာကာ အချို့နေရာများ၌ အမြင့် ၂ ပေခန့်အထိ ရေမျက်နှာပြင်မြင့်တက်ခဲ့သည်။

ထိုင်းစစ်တပ်သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အကူညီဖြန့်ဝေရေးလုပ်ငန်းများ၊ ယာယီတည်းခို ရန် နေရာပြင်ဆင်ခြင်းများ၊ သောက်ရေနှင့် လျှပ်စစ်မီးဖြန့်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မုတ်သုံရာသီ၌ စံချိန်တင်မိုးရေချိန်များ ရွာသွန်းလေ့ရှိသော ထိုင်းနိုင်ငံ၌ ရေကြီးမှုသည် ပုံမှန်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်းဒေသ၌ စက်တင်ဘာနှင့် ဒီဇင်ဘာလကြား၌ ရေကြီးလေ့ရှိ ပြီး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဇွန်လမှ အောက်တဘာလအတွင်း ရေလွှမ်းမိုးမှု ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly