မြောက်ကိုရီးယားရန်ကြောင့် ဟာဝိုင်ယီတွင် စစ်အေးနောက်ပိုင်း ပထမဆုံးအဖြစ် စစ်ဥသြဆွဲ သတိပေး

မြောက်ကိုရီးယားရန်ကြောင့် ဟာဝိုင်ယီတွင် စစ်အေးနောက်ပိုင်း ပထမဆုံးအဖြစ် စစ်ဥသြဆွဲ သတိပေး

 

ဟာဝို်င်ယီ၊ ဒီဇင်ဘာ ၂ ။              ။ မြောက်ကိုရီးယားထံမှ ဖြစ်လာနိုင်သော နျူကလီးယားတိုက်ခိုက်မှုများအတွက် ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံများ ကြိုတင်ပြင်ဆင်နိုင်ရေး လေ့ကျင့်မှုအဖြစ် ဟာဝိုင်ယီတွင် စစ်အေးနောက်ပိုင်း ပထမဆုံးအဖြစ် စစ်ဥသြဆွဲ သတိပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ဟာဝိုင်ယီပြည်နယ်အနေဖြင့် စစ်အေးကာလ သတိပေးစနစ်ကို ပြန်လည်ကာ ပထမဆုံး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဟာဝိုင်ယီအရေးပေါ်စီမံခန့်ခွဲမှု တာဝန်ရှိသူများက ပြောသည်။

ဆူနာမီနှင့် အခြားသဘာဝပေးများအတွက် ပုံမှန်သတိပေး စမ်းသပ်မှုအပြီး တစ်မိနစ်တာ စစ်ဥသြဆွဲခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဥသြဆွဲခြင်းကို စိတ်ဝင်တစားတုံ့ပြန်သည့် ပြည်သူက အနည်းငယ်သာရှိကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံက ပြင်းအားမြင့် နျူကလီးယားတင်ဆောင်စွမ်းသော တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရက်အနည်းငယ်အတွင်း ယခုကဲ့သို့ ဟာဝိုင်ယီတွင် စစ်ဥသြဆွဲ သတိပေးခြင်းကို ကြိုတင်လေ့ကျင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြံုယမ်း၏ Hwasong 15 ဟု အမည်ပေးထားသော တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုအပြီး ပညာရှင်များက မြောက်ကိုရီးယားအနေဖြင့် ဒုံးကျည်နည်းပညာတွင် အဆင့်မြင့် တက်လှမ်းရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသည်။

ဟာဝိုင်ယီပြည်နယ်သည် မြောက်ကိုရီးယားနှင့် အနီးဆုံး အမေရိကန်ပြည်နယ်ဖြစ်ပြီး စစ်တပ်ကြီးကြီးမားမား အခြေစို်က်ထားခြင်းကြောင့် ပိုမိုပစ်မှတ်ဖြစ်နိုင်သည့် ပြည်နယ်လည်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly