ရာထူးဖြုတ်ချခံရမည်ဆိုသော သတင်းက ရယ်စရာပဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

ရာထူးဖြုတ်ချခံရမည်ဆိုသော သတင်းက ရယ်စရာပဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

 

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၂ ။          ။ သီတင်းပတ်များအတွင်း သို့မဟုတ် လအတန်ငယ်အတွင်း ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု ထွက်ပေါ်နေသော သတင်းများက ရယ်စရာသတင်းများသာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က ပြောလိုက်သည်။

သို့သော် ထိုအရေးကိစ္စနှင့် ပတ်သက်ကာ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးပြောဆိုခဲ့ခြင်း ရှိမရှိကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“ဒါဟာ ရယ််စရာပဲ။ ဒီသတင်းတွေ ထွက်လာတာဟာ ရယ်စရာတောင် ကောင်းနေတယ်။”ဟု အိမ်ဖြူတော်က ၎င်းအား ရာထူးက ထုတ်ပယ်မည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းခံရစဉ် ၎င်းက တုံ့ပြန်ဖြေဆိုသွားသည်။

နယူးယောက်တိုင်းမ်စ်သတင်းက အမည်မသိသတင်းရင်းမြစ်ကို ကိုးကားကာ တေလာဆန်၏ နေရာတွင် လက်ရှိ စီအိုင်အေအကြီးအကဲ မိုက်ပွန်ပီယိုကို အိမ်ဖြူတော်က အစားထိုးခန့်ထားလိမ့်မည်ဟု   ဖော်ပြခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ပထမဆုံး တုံ့ပြန်ပြောဆိုမှုပဲ ဖြစ်သည်။

နယူးယောက်စ်တိုင်းမ်စ်၏ သတင်းကို စီအင်န်အင်န်နှင့် ၀ါရှင်တန်ပို့စ်တို့အပါအဝင် အခြားသောသတင်းဌာနများကလည်း ထပ်လောင်းဖော်ပြကြသဖြင့် ယင်းသတင်းက ပြန့့်နှံ့နေခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းများနှင့် ပတ်သက်ပြီး လစ်ဗျားဝန်ကြီးချုပ် ဖာယက်ဇ်ဆာရတ်ချ်အား ကြိုဆိုဧည့်ခံစဉ်အတွင်း တေလာဆန်က ယခုကဲ့သို့ ရယ်ဖွယ်သတင်းများသာဖြစ်ကြောင်း တိုတိုပြတ်ပြတ် တု့ံပြန်ပြောဆိုသွားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly