စည်ပင်စွန့်ပစ်အမှိုက်ကုန်းမှ စီးဝင်နေသည့် ရေဆိုးများကြောင့် လယ်ယာမြေဧက ၉၀ ကျော် ပျက်စီးနေ

စည်ပင်စွန့်ပစ်အမှိုက်ကုန်းမှ စီးဝင်နေသည့် ရေဆိုးများကြောင့် လယ်ယာမြေဧက ၉၀ ကျော် ပျက်စီးနေ

မန္တလေး၊နိုဝင်ဘာ ၃၀ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာတွင် စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်သည့် အေးရိပ်ငြိမ် အမှိုက်ကုန်းမှ ရေဆိုးများ စီးဝင်နေခြင်းကြောင့် လယ်ယာမြေဧက ၉၀ ကျော်ပျက်စီးဆုံးရှုံးလျှက်ရှိ သည်ဟု အင်ကျယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက မဇ္ဈိမကိုပြောသည်။

ထိုသို့ လယ်ယာမြေအတွင်းသို့ ရေဆိုးများစီးဝင်၍ တောင်သူများဆုံးရှုံးနစ်နာနေခြင်းမှာ ၂၀၁၄ ခုနှစ်မှ စတင် ဖြစ်ခဲဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တစ်ချို့လယ်ယာမြေများမှာ သီးနှံစိုက်ပျိုးရန်ပင် အခက်အခဲများ ဖြစ်ပေါ်နေပြီး စိုက်ပျိုးသည့် သီးနှံများမှာလည်း အောင်မြင်မှုမရှိသောကြောင့် စိုက်ပျိုးစရိတ်များ ဆုံးရှုံးလျှက်ရှိသည်ဟု ဦးဇော်မိုးက ဆိုသည်။

"ကျွန်တော့်လယ်လည်း ပါတယ်။ ကျွန်တော့်ရွာသူရွာသားတွေရဲ့ လယ်မြေ၊ယာမြေလည်း ပါတယ်။ ဒီရေဆိုးတွေကြောင့် တောင်သူတွေ ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး အဆင့်ဆင့် တင်ပြတယ်။ လာကြည့်တယ်။ ဒီနေ့အချိန်ထိတော့ ဘာမှလုပ်မပေးသေးဘူး။ စိုက်လို့ရသေးတဲ့မြေကျတော့လည်း ဒီရေဆိုးဝင် အသီးအနှံ မအောင်မြင်ဘူး။ စိုက်လို့မရတဲ့မြေကတော့ ဒီအတိုင်းထားထားရတယ်။အဲလိုကျ အကုန်နစ်နာတာပေါ့။"ဟု ဦးဇော်မိုးကပြောသည်။

ထိုသို့ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် ပေးဆပ်ရန်အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် စည်ပင်သာယာရေးကော်မတီမှ နစ်နာကြေးပေးရန် အတွက်လည်း ပြီးခဲ့သည့်လပိုင်းက စာတင်တောင်းဆိုထားသည်ဟုလည်း ဆုံးရှုံးနစ်နာနေသည့် တောင်သူများက ဆိုသည်။

လယ်မြေ ၄ ဧက ဆုံးရှုံးသည့် ဦးငှက်ရိုးက"နွေ၊ မိုး စပါးစိုက်တယ်။ ပျက်တယ်။ အခု မိုးစပါးလည်း ရိတ်မရတော့ဘူး။ စိုက်စရိတ်တွေ ရှုံးတယ်။ အခု ကုလားပဲစိုက်တော့လည်း မြင်တဲ့အတိုင်းပဲ။ ပျက်တယ်။ စိုက်စရိတ် ပြန်ဆပ်ဖို့ခက်တာပေါ့။ အဘတို့ကတော့ မဆပ်ဘူး မဟုတ်ဘူး။ ဆပ်မှာပါ။ ဒါပေမယ့် နစ်နာကြေးလေး ကူညီရင်တော့ အဆင်ပြေတာပေါ့။"ဟုပြောသည်။

အမှိုက်ကုန်းမှ စီးဝင်ခဲ့သောရေဆိုးများသည် လယ်ကြားမြောင်းများအတွင်းသို့ စီးဝင်နေခြင်းဖြစ်ပြီး မိုးရာသီတွင် ပိုမို၍စီးဝင်ကြောင်းသိရသည် ။အဆိုပါရေဆိုများကြောင့် ကျန်းမာရေးထိခိုက်မှုတစ်ချို့ ရှိကြောင်း သိရသည်။

ထိုသို့ စီးဝင်ခဲ့သောရေဆိုးများကြောင့် ကွင်းအမှတ် ၄၆၉၊ ၄၆၉(က)၊ ၄၇၀(က)၊ ၄၇၁၊ ၄၇၂၊ ၄၇၂ (က) လယ်ယာမြေအချို့ ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလယ်ယာမြေများတွင် နွေစပါး၊ မိုးစပါးအဖြစ် ရွှေသွယ်ရင်၊ မနောသုခ၊ ဧရာမင်းစပါးမျိုးတို့ကို စိုက်ပျိုးခဲ့ကြပြီး ဆောင်းရာသီတွင် ကုလားပဲနှင့်ခရမ်း စိုက်ပျိုးကြောင်း သိရသည်။

အမှိုက်ကုန်းမှ စီးဆင်းသည့် ရေဆိုးများအား တားဆီးပေးနိုင်ခြင်းမရှိပါက အနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေများပါ ဆက်လက်ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နိုင်သောကြောင့် ဒေသခံတောင်သူအချို့က စိုးရိမ်လျှက်ရှိကြောင်းသိရသည်။

ထိုသို့ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက အမှိုက်ပုံက ထွက်နေသည့် ရေဆိုးများ လယ်ယာမြေများအတွင်း မဝင်ရောက်စေရန်အတွက် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ပျက်စီးသွားသည့်လယ်ယာမြေများ အတွက်လည်း လာမည့် ဘဏ္ဍာနှစ်တွင် လျှော်ကြေး ပေးသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly