မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေက စိုးရိမ်စရာကောင်းနေပြီဟု ပညာရှင်တစ်ဦး သတိပေး

မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေက စိုးရိမ်စရာကောင်းနေပြီဟု ပညာရှင်တစ်ဦး သတိပေး

 

နိုဝင်ဘာ ၃၀ ။               ။ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေက ယခုဆိုရင် များစွာ စိုးရိမ်ပူပန်စရာ ကောင်းနေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ် ဒေါက်တာ ကြည်ကြည်လှက ပြောကြားလိုက်ပါတယ်။

" The Ethics of Climate Change and Sustainable Development : A Myanmar Perspective" ခေါင်းစဉ်နဲ့ ရေးသားတဲ့ သူမရဲ့ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ဒေါက်တာ ကြည်ကြည်လှက ပြောကြားလိုက်တာဖြစ်ပါတယ်။

" ဒါပေမယ့် ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့အတွက် နိုင်ငံတစ်နိုင်ငံတည်း အားနဲ့လည်း တိုက်ယူ လုပ်ယူလို့မရနိုင်ပါဘူး" ဆိုပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့အခမ်းအနားမှာ ဒေါက်တာကြည်ကြည်လှက မဇျ္စိမကို ပြောပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက မြန်မာနိုင်ငံအပေါ်မှာ အားချင်း သက်ရောက်လာနိုင်မှု အခြေအနေ ဘယ်လိုရှိနိုင်သလဲ မေးမြန်းတဲ့အခါမှာတော့ " ဒါက များပြားလှတဲ့ သဘာဝအရင်းအမြစ်တွေ ပျက်ဆီးဆုံးရှုံးရဖို့အတွက် ခြိမ်းခြောက်နေသလို ရာသီဥတု ဒုက္ခသည်တွေ ခြိမ်းခြောက်မှုအန္တရာယ်ကိုပါ သယ်လာနိုင်ပါတယ်" လို့ သူမက ဖြေကြားပါတယ်။

တစ်ချိန်တည်းမှာပဲ မော်လ်ဒိုက်လိုမျိုး နိုင်ငံအများအပြားဟာလည်း ယခုဆိုရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ယင်းတို့ရဲ့ ကျွန်းအားလုံးနီးပါးကို ဆုံးရှုံးထားကောင်း ဆုံးရှုံးထားရနိုင်ကြောင်း ဒေါက်တာ ကြည်ကြည်လှ က ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေတောင်မှ ယင်းခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပြီလို့လည်း သူမက ပြောပါတယ်။

"ဒီအခြေအနေကြောင့် ကုန်းတွင်းဘက်မှာ လာရောက်ခိုလှုံဖို့ အပြေးအလွှားရောက်လာကြတဲ့ ရာသီဥတု ဒုက္ခသည်တွေကို ပေါ်ပေါက်စေနိုင်ပြီး အကျပ်အတည်းကြီးတစ်ခုကို ဖြစ်စေနိုင်ပါတယ်" လို့ သူမက ဆိုပါတယ်။

စာမျက်နှာ ရ၈ မျက်နှာပါ သူမရဲ့ စာအုပ်ထဲမှာတော့ လမုတော ဂေဟစနစ် ပျက်စီးမှုနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့အခြေအနေတွေကို ရေးသားထားပါတယ်။

" ၁၉၇၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကြားကာလမှာပဲ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ရှိတဲ့ လမုတော သုံးပုံ ပုံ နှစ်ပုံ နီးပါး ဆုံးရှုံးထားခဲ့ရပါပြီ" လို့ သူမရဲ့ စာအုပ်ထဲမှာ ရေးထားပါတယ်။

" ယခုလို လမုတောတွေ ဆုံးရှုံးပျောက်ကွယ်သွားမှုကြောင့် ကမ်းရိုးတန်းဒေသတွေဟာ ၂၀၀၈ ခုနှစ်က လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းလိုမျိုး  သဘာဝဘေးအန္တရာယ်တွေကို ပိုမိုခုခံနိုင်စွမ်း အားနည်းသွားတော့မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လမုပင်တွေဟာ ကမ်းရိုးတန်းဧရိယာတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်မှာ ဖြန့်ကျက်တည်ရှိနေတယ်ဆိုပေမယ့် ယင်းတို့ထဲက ၂၀ ရာခိုင်နှုန်းလောက်ကပဲ ရေရှည်ဆက်လက်ကြီးထွားဖွံ့ဖြိုးဖို့ရှိနေပြီး ကျန် ၃၀ ရာခိုင်နှုန်းကတော့ အလွန်အကျွံ အသုံးချခံထားရပြီးဖြစ်တယ်လို့ ယင်းစာအုပ်ထဲမှာ ရေးထားပါတယ်။

ယင်းအပြင် မြန်မာ့ကျွန်းသစ်တွေကို တရုတ်ဘက်က ၀ယ်လိုအားကောင်းနေခြင်းကြောင့် ငွေသန်းပေါင်းများစွာတန်တဲ့ တရားမဝင် သစ်ကုန်သွယ်မှုကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။ ယင်းအတွက်ကြောင့်လည်း မြန်မာ့သစ်တော ဖုံးလွှမ်းမှုပိုင်းမှာ လျင်လျင်မြန်မြန် ကျဆင်းလာပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း နှစ်ဆ လျော့နည်းသွားတယ်လို့ ဆိုထားပါတယ်။

မြန်မာ့သစ်တောတွေဟာ တစ်နှစ်ကို ၂ ရာခိုင်နှုန်း နှုန်းနဲ့ ကျဆင်းနေတယ်လို့ စာအုပ်ထဲမှာ ဆိုထားပါတယ်။

သစ်တောပြုန်းတီးမှုဟာ ၂၀၀၉ ခုနှစ်မတိုင်ခင်က တစ်နှစ်ကို ဟက်တာပေါင်း ၉၇,၀၀၀ မှာ ရပ်တည်နေခဲ့ပေမယ့် ယခုအခါမှာတော့ တရုတ်နဲ့အကြား တရားမဝင် သစ်ကုန်သွယ်မှုတွေကြောင့် သစ်တောပြန်းတီးမှုဟာ တစ်နှစ်ကို ဟက်တာပေါင်း ၁၈၅,၀၀၀ ထိ တက်လာခဲ့ပြီလို့ဆိုပါတယ်။

စာအုပ်နဲ့ပတ်သက်လို့ ရေအရင်းအမြစ် စီမံခန့်ခွဲရေးပညာရှင် ပါမောက္ခ ဒေါ်ခင်နီနီသိန်းက အမှာစကားပြောကြားရာမှာ ယင်းစာအုပ်ဟာ အချိန်အခါသင့် လက်တွေ့အမှန်အကန် ဖြေရှင်းရမယ့် အရာတွေကို ဖော်ပြပေးထားတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ယင်းစာအုပ်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို တိုးမြင့်ဖို့အတွက် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတို့ကနေ ကျင့်ဝတ်နဲ့ ဘာသာရေးစံနှုန်းတွေအပေါ်မှာ အခြေတည်ပြီး ရေးထားတာဖြစ်တယ်လို့ သိရပါတယ်။

"မြန်မာနိုင်ငံက အကူးအပြောင်းကာလထဲမှာ ရှိနေပါတယ်၊ ဒါကြောင့်လည်း စားသုံးမှု ပုံစံ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လူဦးရေ တိုးပွားမှုအပိုင်းတွေမှာ အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်၊ ဒီလိုကနေတဆင့် စီးပွားရေး လုပ်ငန်းဆောင်တာတွေထဲမှာ လျင်လျင်မြန်မြန် တိုးတက်မှုတွေ ဖြစ်စေခဲ့ပြီး ပြည်တွင်း ရေ ၀ယ်လိုအားကို ၁၀၀ ရာခိုင်နှုန်းနဲ့အထက်၊ စွမ်းအင်လိုအပ်ချက် ၈၀ ကနေ ၁၀၀ ရာခိုင်နှုန်းနဲ့ တိုးတက်မြင့်မားစေခဲ့ပါတယ်" လို့ သူမက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံမှာ အထူးစီးပွားရေးဇုန်တွေ အလျင်အမြန် ဖွံ့ဖြိုးလာတာနဲ့ စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်မှုတို့က ရေနဲ့ စွမ်းအင် လိုအပ်ချက်ကို မြင့်မားစေခဲ့တာဖြစ်တယ်လို့ ပါမောက္ခ ဒေါ်ခင်နီနီသိန်းက ပြောပါတယ်။

"စွမ်းအင်နဲ့ အစားအစာဖူလုံမှုတို့အတွက် ရနိုင်သမျှ ရေအရင်းအမြစ်တွေကို အလွန်အကျွံမှီခိုအားပြုခြင်းက ဂေဟစနစ်တွေရဲ့ ရေရှည်တည်တ့့ံမှုကို တိုက်စားသွားပါလိမ့်မယ်" လို့ သူမက ဆိုပါတယ်။

"ဒီအချိန်မှာ ကောင်းမွန်တဲ့ ရေ စီမံခန့်ခွဲမှုစနစ်ကို ကျွန်မတို့ အသုံးချမလုပ်နိုင်ဘူးဆိုရင် အကျပ်အတည်းနဲ့ မတည်မငြိမ်မှုတွေကို ဖြစ်ချင်ဖြစ်သွားစေနိုင်ပါတယ်" လို့ သူမက ပြောပါတယ်။

စာအုပ်ထုတ်ဝေပွဲကိုတော့ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှု ဌာန MISIS နဲ့ Freidrich Ebert Stiftung ရဲ့ မြန်မာရုံးတို့က စီစဉ်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly