ရွှေ့ပြောင်းအလုပ်သမားများ ပေကျင်းမြို့တွင် မရှိရေး အာဏာပိုင်များ ရှင်းလင်းရေး လုပ်ဆောင်နေ

ရွှေ့ပြောင်းအလုပ်သမားများ ပေကျင်းမြို့တွင် မရှိရေး အာဏာပိုင်များ ရှင်းလင်းရေး လုပ်ဆောင်နေ

ပေကျင်း၊ နိုဝင်ဘာ ၂၈ ။          ။ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှ အာဏာပိုင်များက နိုင်ငံတွင်းသို့ မည်သည့်ဒေသကမဆို ဝင်ရောက်လာကြသော ရွှေ့ပြောင်းအလုပ်သမားများကို ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိသည်။

ပေကျင်းမြို့ခံများအနေဖြင့် ၎င်းတို့၏ မိုးမျှော်တိုက် တည်ဆောက်ရေးများ၊ ကလေးထိန်းရန်နှင့် အခနည်းအလုပ်များ လုပ်ကြရန် ၎င်းရွှေ့ပြောင်းလုပ်သားများအပေါ် မှီခိုနေရခြင်းကြောင့် အာဏာပိုင်တို့၏ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ပေကျင်းမြို့မှ ရှင်းထုတ်ရန် ဖိအားပေးနေသည့် ရက်စက်သော ယခုလုပ်ရပ်အပေါ် စိတ်ဆိုးဒေါသထွက်ကြရသည်။

အေပီက အင်တာဗျူးခဲ့သော ရွှေ့ပြောင်းအလုပ်သမားများက ပြောကြရာတွင် ကြိုတင်အကြောင်းကြားချိန် လုံလုံလောက်လောက် မပေးဘဲ မိသားစုအကုန်လုံးကို နေထိုင်ရာ ဥပစာနေရာများက နှင်ထုတ်ခြင်း ခံကြရရာ အေးခဲသမျှ ရာသီအတွင်း ၎င်းတို့၏ အထုပ်အပိုးများကို အလုအယက် သယ်နေကြရကြောင်း သိရသည်။

အများစုက ၎င်းတို့ ပိုင်ဆိုင်သော ပရိဘောဂများ၊ အိပ်ရာများ၊ အဝတ်အစားများနှင့် အခြားပစ္စည်းပစ္စယများကို ဗင်ကားများတွင်း အပြည့်အသိပ်ထည့်ကြပြီး မဆံ့တော့သည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းပစ္စယများကို စွန့်ပစ်ထားခဲ့ရသည်။

ပေကျင်းမြို့လယ်မှ ၁၂ မိုင်ခန့်သာ ဝေးသည့် Nanxialjie အရပ်က အဆောက်အအုံ ဒါဇင်များစွာသည် အုတ်ပုံသက်သက်သာ အဖြစ်သို့ ရောက်ရှိသွားသည်။

အမည်ထုတ်ဖော်မပြောသည့် စားသောက်ဆိုင်မန်နေဂျာတစ်ဦးက ၎င်းဆိုင်ကို ပိတ်ပစ်ရန်နှင့် မြို့က ထွက်သွားရန် သုံးရက်အလိုမှသာ ကြိုအကြောင်းကြားမှု ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျွန်တော် ဒီမှာ ရောက်နေတာ ကိုးနှစ်ရှိပြီ။ ခုတော့ ဒီက ထွက်သွားဖို့ အမိန့်ပေးခံထားရပြီ။ ဒီလို လုပ်တာဟာ အတင်းဓားပြတိုက်တာနဲ့ ဘာထူးမှာလဲ။”ဟု ပစ္စည်းများ သိမ်းဆည်းရင်းက ၎င်းမန်နေဂျာဖြစ်သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly