ဦးပါမောက္ခအား ရုံးထုတ်ရာတွင် လက်ထိပ်ခတ်ခြင်းမှာ မဖြစ်သင့်ဟု ဆို

ဦးပါမောက္ခအား ရုံးထုတ်ရာတွင် လက်ထိပ်ခတ်ခြင်းမှာ မဖြစ်သင့်ဟု ဆို

ရန်ကုန် နိုဝင်ဘာ ၂၉ ။           ။ လူဝတ်လဲဖမ်းဆီးထားသည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခအား ရုံးထုတ်ရာတွင် သံခြေချင်းသာမက လက်ထိပ်ခတ်ခြင်းကို မဖြစ်သင့် ဟု ဆရာတော်ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးစည်သူမြင့်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်၊ ကမာရွတ် မြို့နယ်တရားရုံး၏ တတိယအကြိမ်ရုံးချိန်းတွင် ဦးပါမောက္ခအား ထောင်ဝတ်စုံအပြာရောင်၊ သံခြေကျင်း၊ လက်ထိပ်များဖြင့် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

" ထောင်ဝတ်စုံဝတ်တယ်၊ သံခြေချင်းခတ်တယ် ဆိုတာကတော့ ထောင်ရဲ့စည်းကမ်းအတိုင်းပဲ ပုဒ်မ ၁၉ ကို ထောင်တစ်လ ချထားတယ်၊ ဒါကြောင့် ဒီလို ဆောင်ရွက်တာတော့ မပြောလိုပါဘူး၊ လုပ်ထုံးလုပ်နည်းအရ လုပ်တယ်လို့ မြင်တယ်၊ ဒါပေမယ့် လက်ထိပ် ခတ်လာတယ်ဆိုတဲ့ကိစ္စက မှားယွင်းနေတယ် လို့ပဲ ပြောရမှာပေါ့နော်" ဟု ဦးစည်သူမြင့်က ပြောသည်။

ယနေ့ တတိယမြောက်ရုံးချိန်းတွင် ၅၀၅(ခ)အမှုကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ တရားလိုဖြစ်သူလာရောက် ခဲ့ခြင်းမရှိသည့်အတွက် ဆရာတော်၏ရှေ့နေက တရားလိုမလာသည့်အပေါ် အမှုပိတ်သိမ်းပေးရန် လျှောက်လဲချက်တင်ခဲ့သည်ဟု ၄င်းက ဆက်လက် ပြောသည်။ ထို့ပြင် တရားသူကြီးက လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်းသိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်စျေးမြေနေရာကိစ္စ ဆန္ဒဖော်ထုတ်ရန် ဆရာတော်ဦးပါမောက္ခက လာရောက်ခွင့်ပြုချက် တောင်းခံစဉ် ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်၊ အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုအတွက် လူဝတ်လဲဖမ်းဆီးခဲ့သည်။

ထို့ နောက် ကမာရွတ်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးဘဲ အင်းစိန်ထောင်သို့ ပို့ဆောင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဆရာတော် ဦးပါမောက္ခကို ဖမ်းဆီးစဉ်က ဆရာတော်ကြီးများ ရှေ့မှောက်တွင် လူဝတ်လဲပေးခဲ့သော်လည်း သိက္ခာအချ မခံခဲ့သည့်အတွက် ရဟန်းအဖြစ် ဆက်လက်ရှိနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုအတွက် ရဟန်း၃ ပါး ၊ လူ ၄ ဦးကို အမှုဖွင့်ထားခြင်းဖြစ်ပြီး လူ ၄ ဦးဖြစ်သော ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီးဖြစ်သည်။ ရဟန်း ၃ ပါးဖြစ်သော ဦးပါမောက္ခ၊ ဦး သုစိတ္တနှင့် ဦးပညာဝံသတို့မှာ သံဃာ့အဖွဲ့အစည်း ၏ ခွင့်ပြုချက်စာ၊ သာသနာရေးဦးစီးဌာနညွှန်ကြားမှူး၏ သဘောထားမှတ်ချက် စသော လုပ်ထုံး လုပ်နည်းများနှင့်မညီသဖြင့် တရားစွဲဆိုမှုအတွက် တရားရုံးသို့ အစစ်ဆေးခံရန်မလာရောက်ခဲ့ကြရာ အားလုံးကို ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ပြီး ယခုလို ဆရာ တော်ဦးပါမောက္ခကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly