သမိုင်းကြောင်းမှမတရားမှုကို ပြန်လည်ပြင်ဆင်သွားမည်ဟု မွတ်စလင်များကို ဒူတာတေးကတိပေး

သမိုင်းကြောင်းမှမတရားမှုကို ပြန်လည်ပြင်ဆင်သွားမည်ဟု မွတ်စလင်များကို ဒူတာတေးကတိပေး

 

ဆူလ်တန်ကူဒါရက်၊ ဖိလစ်ပိုင်၊ နို၀င်ဘာ ၂၈ ။                 ။ ဖိလစ်ပိုင်မွတ်စလင်သူပုန်များအား တနင်္လာနေ့ကမိန့်ခွန်းပြောကြားခဲ့သည့် သမ္မတရိုဒရီဂိုဒူတာတေးက သူသည် သမိုင်းကြောင်း၌   ဖြစ်ပွားခဲ့သည့်မတရားမှုအား ပြန်လည်ပြင်ဆင်သွားနိုင်ရန် ကြိုးစားမည်ဟုကတိပေးခဲ့ပြီး နိုင်ငံ တောင်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် ရပ်တန့်ထားခဲ့သည့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို   ပြန်လည်စတင်နိုင်ရန် သူ၏အစိုးရအဖွဲ့က ကြိုးပမ်းလျက်ရှိသည်။

ဖိလစ်ပိုင်၏ကြီးမားသော မွတ်စလင်ပြောက်ကျားအဖွဲ့ မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) မှ ကြီးမှူးပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို ခရစ်ယာန်များ၊ ပြိုင်ဘက်မွတ်စလင်ဂိုဏ်းအဖွဲ့များနှင့် မင်ဒါနာအိုကျွန်း မှ မျိုးနွယ်စုများ တက်ရောက်ခဲ့ကြပြီး ဒူတာတေးက ယခုလို မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၉၇၀ ခုနှစ်များမှစတင်ပြီး ကတ်သလစ်ဘာသာဝင်အများစုနေထိုင်သည့် ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်းဒေသ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေရရှိရန် ကြိုးပမ်းခဲ့ကြပြီး ထိုနယ်မြေသည် သူတို့၏ဘိုးဘွားများ၏ မွေးရပ်မြေဟု မှတ်ယူလျက်ရှိသည်။

ထိုကာလကဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူပေါင်း ၁၂၀၀၀၀ ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး မင်ဒါနာအိုဒေသ အတော်များများလည်း ဆင်းရဲမွဲတေသွားခဲ့သည်။

မွတ်စလင်မျိုးရိုးရှိခဲ့သည်ကို ဂုဏ်ယူလေ့ရှိသည့် ဒူတာတေးက ယခုလိုပြသနာများကို ဖြေရှင်းနိုင်ခြင်းမရှိပါက ထိုဒေသ၌ပိုမိုဆိုးရွားသော အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာနိုင်သည်ဟု ဒူတာတေးက သတိပေးခဲ့သည်။

“ကျနော်တို့လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်တာကတော့ ဖိလစ်ပိုင်သမ္မတနိုင်ငံကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ သမိုင်းကြောင်းမှာဖြစ်ပွားခဲ့တဲ့ မတရားမှုတွေကို ပြန်လည်ပြင်ဆင်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်”ဟု သူက ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာအောင် စပိန်တို့၏လက်အောက်၌နေထိုင်ခဲ့ရပြီး ထို့နောက်တွင် အမေရိကန်တို့၏ ကိုလိုနီနယ်မြေအဖြစ် နေထိုင်ခဲ့ရစဉ်က ခရစ်ယာန်လူများစုကြီးသည် မင်ဒါနာအိုဒေသ၏ နယ်နမိတ်အများအပြားကို ထိန်းချုပ်ခဲ့ပြီး ဒေသခံမွတ်စလင်များနှင့် အခြားမျိုးနွယ်စုများကို ပထုတ်ထားခဲ့သည် ဟု ဒူတာတေးက ပြောခဲ့သည်။

ဆက်လက်ပြီး သူက အကယ်၍ IS နောက်လိုက်များသည် အရှေ့အလယ်ပိုင်းဒေသရှိ သူတို့၏အခြေစိုက် စခန်းများကို လက်လွှတ်ခဲ့ရပြီးနောက် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာပါက အကြမ်းဖက် အခြေအနေများ ပိုမိုဆိုးဝါးလာနိုင်ကြောင်း သတိပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly