မြန်မာမီဒီယာများတွင် အမျိုးသမီးသတင်းထောက် အရေအတွက် ၂၈ ရာခိုင်နှုန်းသာရှိ

မြန်မာမီဒီယာများတွင် အမျိုးသမီးသတင်းထောက် အရေအတွက် ၂၈ ရာခိုင်နှုန်းသာရှိ

ရန်ကုန် နိုဝင်ဘာ ၂၇ ။          ။ မြန်မာနိုင်ငံမီဒီယာများတွင် အလုပ် လုပ်ကိုင်သူ အမျိုးသမီးသတင်းထောက်များမှာ ၂၈ ရာခိုင်နှုန်း သာ ရှိပြီး၊ ဖော်ပြသောသတင်း အရင်းအမြစ်များ တွင် အမျိုးသမီးပါဝင်မှု ၁၆ ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံသတင်းသမားများအဖွဲ့နှင့် နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးနှင့် ဖိုဂျိုမီဒီယာအင်စတီကျု၏ သတင်းအကြောင်းအရာများကို ကျား/မရေးရာ ရှု ထောင့်မှ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ယနေ့၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဘိုကလေးစျေးလမ်းရှိ Myanmar Art ခမ်းမတွင် ပြုလုပ်ခဲ့သည့် "မြန်မာသတင်းများတွင် ကျား/မရေးရာ ဖော်ပြထား သော အစီရင်ခံစာထုတ်ပြန်မှုအခမ်းအနား" တွင် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာမီဒီယာများတွင် အမျိုးသမီးသတင်းထောက် ပါဝင်မှုအနေအထားနည်းပါးပြီး သတင်းရင်းမြစ် ဖော်ပြရာတွင် အမျိုးသမီးထက်အမျိုးသားကို ပိုမို ဦးစားပေး ဖော်ပြခြင်းများရှိသည်ဟု IMS - Fojo ၏ အကြံပေးအရာရှိ အယ်လီဆွီဒင်က ပြောသည်။

" အမျိုးသမီးသတင်းထောက်တွေ သတင်းဖော်ပြတဲ့ နယ်ပယ်ကတော့ နိုင်ငံရေးနဲ့အစိုးရနဲ့ ဆက်စပ်တဲ့ သတင်းတွေပါပဲ၊ သတင်းဖော်ပြမှုတွေမှာ အမျိုး သမီးတွေရဲ့အသံကို ကျော်လွန်ပြီး၊ အမျိုးသားတွေ ရဲ့အသံကို ဦးစားပေးဖော်ပြတာ တွေ့ရတယ်" ဟု IMS - Fojo ၏ အကြံပေးအရာရှိ အယ်လီဆွီဒင် က ပြောသည်။

ယင်းအစီရင်ခံစာထုတ်ပြန်မှုနှင့် ဆွေးနွေးပွဲအခမ်း အနားတွင် မြန်မာသတင်းပညာသိပ္ပံမှ   (MJI) မှTraining Director ဦးစိန်ဝင်း၊ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်၊ ပျိုးပင်အဖွဲ့မှ ကျား/မရေးရာ ဆရာမဒေါ်စုစုငယ် နှင့် The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်း ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့သည်။

မြန်မာမီဒီယာလောကတွင် အမျိုးသမီးပါဝင်မှုနည်းပါး ရခြင်းမှာ လူမှုပတ်ဝန်းကျင်၊ ဘာသာရေးနှင့် ယဉ် ကျေးမှုအရ အဟန့်အတားတစ်ချို့ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု The Voice Journal အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက ပြောသည်။

" သတင်းထောက်တွေထဲမှာ အမျိုးသမီးသတင်း ထောက်တွေ ဘာကြောင့်နည်းနေလည်းဆိုတော့ အမျိုးသမီးသတင်းထောက်တွေကို တာဝန်ပေးတဲ့ အခါမှာ ဒါဟာ ယောက်ျားလေးတွေနဲ့ပဲ သင့်တော် တယ်ဆိုတဲ့ပုံမျိုး ခေါင်းထဲမှာစဉ်းစားတာတွေ ရှိ တယ်၊ သူတို့ကျင်လည်ကြီးပြင်းလာတဲ့ အသိုင်း အဝန်းမှာ ဘာသာရေးအရရော၊ ယဉ်ကျေးမှုအရ ရော မသိမသာဟန့်တားမှုတွေရှိတဲ့အတွက်ကြောင့် ဖြစ်တယ်" ဟု ဦးကျော်မင်းဆွေက ပြောသည်။

သတင်းအကြောင်းအရာများကို ကျား/မရေးရာ ရှု ထောင့်မှ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာကို သတင်းစာ၊ ရေဒီယို၊ အွန်လိုင်းသတင်း၊ ရုပ်မြင်သံ ကြားနှင့် တိုင်းရင်းသားသတင်းမီဒီယာများအပါ အဝင် မီဒီယာဌာန ၄၁ ခုက ၁ လအတွင်း ထုတ် လုပ်သော သတင်းအပုဒ်ရေ ၂၅၀၀ ကို လေ့လာ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly