ဘင်္ဂါလီများပြန်ပို့ရေးအတွက် ကုလသမဂ္ဂ၏ အကူညီရယူရန် မြန်မာနှင့် သဘောတူညီချက်ရခဲ့ဟု ဘင်္ဂလားဒေ့ရှ်အတည်ပြု

ဘင်္ဂါလီများပြန်ပို့ရေးအတွက် ကုလသမဂ္ဂ၏ အကူညီရယူရန် မြန်မာနှင့် သဘောတူညီချက်ရခဲ့ဟု ဘင်္ဂလားဒေ့ရှ်အတည်ပြု
Photo-AFP

ဒါကာ၊နိုဝင်ဘာ ၂၆ ။          ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် သိန်းနှင့်ချီသော ဘင်္ဂါလီ မွတ်စလင်များကို မြန်မာနိုင်ငံသို့ပြန်ပို့ရေး သဘောတူညီချက်၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ မကြာခင်က လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ပြန်ပို့ရာတွင် ကုလသမဂ္ဂမ၏ အကူအညီရယူရန် သဘောတူခဲ့သည်ဟု Sputnik News သတင်းဌာနက ဖော်ပြထားသည်။

“နှစ်နိုင်ငံစလုံးဟာ ဘင်္ဂါလီတွေ ပြန်ပို့ပေးရေးအတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီးရုံး (UNHCR) ရဲ့ အကူအညီကို ရယူသွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး အဘူလ်ဟတ်ဆန်မာမွတ်အလီက ဒါကာမြို့၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“သဘောတူညီချက်မှာ လက်မှတ်ရေးထိုးတာက ပထမခြေလှမ်းပါ။ နှစ်နိုင်ငံစလုံးဟာ အခုဆိုရင် နောက်ထပ် ခြေလှမ်းတွေအတွက် လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု အလီက ပြောဆိုခဲ့သည်။ ပထမဦးစားပေးကိစ္စမှာ ဒုက္ခသည် များကို ၄င်းတို့၏နေရပ်သို့ ဘေးကင်းလုံခြံုစွာ ပြန်ပို့ရေးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များပြန်ပို့ရေးကိစ္စ အဆင်ပြေချောမောစေရန်အတွက် လုပ်ဆောင်ရန်လိုအပ်သော စီမံချက် များနှင့်ပက်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး က “ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတိုရဲ့နေအိမ်တွေကတော့ မီးရှို့ခံလိုက်ရပါပြီ။ ဒါတွေ ကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ သူတို့အတွက် စခန်းတွေတည်ဆောက်ပေးဖို့ အိန္ဒိယနဲ့ တရုတ်ဆီကနေ အကူအညီများရယူဖို့ မြန်မာအစိုးရကို ကျနော်တို့ အဆိုပြုထားပါတယ်” ဟု ပြောခဲ့သည်။

ရခိုင်အရေးတွင် နိုင်ငံတကာဖိအားနှင့် စွပ်စွဲမှုများရှိနေပြီး ယင်းပြဿနာကို နိုင်ငံတကာအရေးကိစ္စဆိုသည်ထက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly