အာဂွန်မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းသတိပေးချက်အမြင့်ဆုံးအဆင့် အင်ဒိုနီးရှားထုတ်ပြန်

အာဂွန်မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းသတိပေးချက်အမြင့်ဆုံးအဆင့် အင်ဒိုနီးရှားထုတ်ပြန်

ကာတာ၊ နို၀င်ဘာ ၂၆ ။             ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှအာဏာပိုင်များသည် အာဂွန်မီးတောင်ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားနေပြီး အမြင့်မီတာ ၄၀၀၀ အထိ ပြာများဆက်လက် ပန်းထုတ်နေသည့်အတွက် လေကြောင်းသတိပေးချက်ကို လိမ္မော်ရောင်အဆင့်မှ အမြင့်ဆုံးဖြစ်သော အနီရောင်အဆင့်အထိ တနင်္ဂနွေနေ့၌ တိုးမြှင့်ထုတ်ပြန်လိုက်သည်။

နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား ၂ သိန်းဝန်းကျင်ခန့်လာရောက်ရန် ဆွဲဆောင်ထားနိုင်သည့် ဘာလီကျွန်းသို့ သွားရောက်မည့် လေကြောင်းခရီးစဉ် ၂၀ခန့်ကို စနေနေ့ညကတည်း ဖျက်သိမ်းထားခဲ့ရပြီး ခရီးသည် ၂၀၀၀ ခန့် သည် လေဆိပ်၌ သောင်တင်လျက်ရှိသည်။

နိုင်ငံတော်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ သတင်းအချက်အလက်ဒါရိုက်တာဖြစ်သော ဆူတိုပိုပါ၀ိုနူ ဂရိုဝိုက ဘာလီကျွန်းသည်ဘေးကင်းကြောင်းနှင့် Gusti Ngurah Rai လေဆိပ်နှင့် Lombok အပြည်ပြည်ဆိုင် ရာ လေဆိပ်တို့သည် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒါ့အပြင်မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို အဆင့် ၃အဖြစ် သတ်မှတ်ကာ ပြာမိုးများသည် ကျွန်းပေါ်ရှိ နယ်မြေ ရခုခန့်တွင် ရွာသွန်းနိုင်ကြောင်း ယင်းအဖွဲ့က သတိပေးခဲ့သည်။

နူဂရို၀ိုက ဒေသတွင်းရှိပြည်သူများနှင့် ခရီးသွားဧည့်သည်များအား တည်တည်ငြိမ်ငြိမ်နေကြရန်နှင့် ပြာမိုးများ ထိခိုက်မှုမရှိအောင် နေထိုင်ကြရန် စနေနေ့ညက တိုက်တွန်းခဲ့သည်။

အာဂွန်မီးတောင်သည် ဘာလီကျွန်း၏အရှေ့ဘက်ပိုင်း၌တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အများဆုံး လာရောက်သည့် အထင်ကရနေရာများနှင့် ဝေးကွာသောအရပ်၌ တည်ရှိသည်။

ပြီးခဲ့သောအင်္ဂါနေ့ကလည်း ထိုမီးတောင်ကြီးသည် မီတာ ရ၀၀ အမြင့်ထိရောက်သော အနက်ရောင်ရေငွေ့လုံး ကြီးများကို မှုတ်ထုတ်ခဲ့သည်။

ယခုလိုဖြစ်ပွားခြင်းသည် လွန်ခဲ့သော ၁၉၆၃ နှင့် ၁၉၆၄ ခုနှစ်တို့၌ ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှု ပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က မီးတောင်ပေါက်ကွဲမှုသည် တစ်နှစ်နီးပါး ခန့်ကြာမြင်ခဲ့ပြီး လူပေါင်း ၁၁၀၀ ကျော်ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly