ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) က ပထမဆုံးအကြိမ် ပုဂ္ဂလိကသို့ ဒီဇယ်ဂါလံ ၉ သန်းကျော်ရောင်းမည်

ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) က ပထမဆုံးအကြိမ် ပုဂ္ဂလိကသို့ ဒီဇယ်ဂါလံ ၉ သန်းကျော်ရောင်းမည်

သြဂုတ် ၁၉ ။        ။ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဒီဇယ်ဂါလန် ကိုးသန်းခြောက်သိန်းတိတိအား ရောင်းချပေးမည်ဟု စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာသည်။

တစ်ဂါလန်လျှင် ၂၆၅၀ ကျပ်နှုန်းနှင့် 'ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ရောင်းချသွားမည်ဖြစ်၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။' ဟု ကြေညာထားသည်။

''အရင်ကျွန်တော်တို့စက်ရုံက ဌာနဆိုင်ရာတွေကိုဘဲ ရောင်းခဲ့တာ။ ပုဂ္ဂလိကကို ထုတ်ရောင်းတာ ဒါပထမဆုံးပါ။'' ဟု ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်) မှ ဒုတိယစက်ရုံမှူး (ကုန်/ထုတ်) ဦးစိုးဝင်းက မဇ္ဈိမသို့ ပြောသည်။

(သံပုရာကန်) စက်ရုံမှ ပုဂ္ဂလိကကုမ္ပဏီများသို့ တိုက်ရိုက်မရောင်းချဖူးသော်လည်း ၂၀၁၅ ခု ဇူလိုင်လ ၌ ပုဂ္ဂလိကကုမ္ပဏီများက နေပြည်တော်ရုံးချုပ်၌ တိုက်ရိုက်ငွေသွင်းပြီး (သံပုရာကန်) စက်ရုံမှ သုံးကြိမ် (ဒီဇယ်ဆီ ဂါလန်သုံးသိန်း) လာရောက်ထုတ်ယူဖူးသည်ဟု ဦးစိုးဝင်းက ပြောသည်။ မိမိဝယ်ယူလိုသည့် ပမာဏကို တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းထုတ်ယူရပါမည်။

အနည်းဆုံး ဂါလန် ၂၅,၀၀၀ (နှစ်သောင်းငါးထောင်တိတိ) အား လက်ငင်းငွေချေစနစ်ဖြင့် မကွေးတိုင်း၊ မင်းလှ မြို့နယ်၊ ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) စက်ရုံမှူး ထံသို့ တိုက်ရိုက်လိပ်မူ ၍လျှောက်ထားဝယ်ယူရမည်ဖြစ်သည်။

ဝယ်ယူသည့် ပမာဏအနည်းအများအလိုက် ဂါလန် နှစ်သောင်းခွဲ မှ ငါးသောင်း အထိရက် ၂၀ အတွင်း၊ ဂါလန် ငါးသောင်း မှ တစ်သိန်းထိ ရက် ၃၀ အတွင်း၊ ဂါလန် တစ်သိန်း မှ တစ်သိန်းခွဲ အထိ ၄၅ ရက်အတွင်း၊ တစ်သိန်းခွဲ မှ နှစ်သိန်းအထိ ရက် ၆၀ အတွင်း၊ နှစ်သိန်းနှင့်အထက်အား ၇၅ ရက် အတွင်းပြီးစီးအောင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ထုတ်ယူရမည်ဖြစ်သည်။

ယနေ့ရန်ကုန်မြို့ရှိ MAX စက်သုံးဆီအရောင်းဆိုင်တွင် ဒီဇယ် တစ်လီတာ (၆ လီတာလျင် တစ်ဂါလန်) ၆၆၀ ကျပ် နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ ၇၀၀ ကျပ် ပေါက်ဈေးဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly