သေဆုံးသူ ၂၇၀ အထိ ရှိခဲ့သည့် အီဂျစ်ဗလီတိုက်ခိုက်မှုအတွက် ရက်ရက်စက်စက် တုံ့ပြန်မည်ဟု သမ္မတ စီစီက ပြော

သေဆုံးသူ ၂၇၀ အထိ ရှိခဲ့သည့် အီဂျစ်ဗလီတိုက်ခိုက်မှုအတွက် ရက်ရက်စက်စက် တုံ့ပြန်မည်ဟု သမ္မတ စီစီက ပြော

 

ကိုင်ရို၊ နိုဝင်ဘာ ၂၅ ။                     ။ အီဂျစ်နိုင်ငံက မတည်ငြိမ်သောဒေသ ဆိုင်နိုင်းကျွန်းတွင် နိုဝင်ဘာ ၂၄ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေသည် ၂၇၀ အထိ ရှိပြီး ဒဏ်ရာရသူပေါင်းက ၉၀ အထိရှိခဲ့ရာ ယင်းသို့သော လူမဆန်သည့် တိုက်ခိုက်မှုအတွက် ကျူးလွန်သူများကို အပြည့်အဝတုံ့ပြန်လက်စားချေသွားမည်ဟု သမ္မတ စီစီက စိတ်ပိုင်းဖြတ် ပြောဆိုသည်။

ဆိုင်နိုင်းရှိ ဘားအယ်အက်ဘ်မြို့ရှိ ဗလီကို သောကြာနေ့ ဝတ်ပြုဆုတောင်းနေကြသည့် အချိန်အတွင်း ဗုံးထောင်ဖောက်ခွဲခဲ့သည့် ယင်းတိုက်ခိုက်မှုသည် နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း ရုပ်သံမိန့်ခွန်းတွင် စီစီက ပြောသည်။

သေဆုံးသူများအတွက် အီဂျစ်လုံခြံုရေးတပ်ဖွဲ့များအနေဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာ ရက်ရက်စက်စက် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဖြေရှင်းကြိုးပမ်းမှုတွေကို ရပ်တန့်အောင် လုပ်မယ့်အရာတွေ၊ ကျွန်တော်တို့ ရည်မှန်းချက်တွေကို ဖျက်ဆီးအောင် လုပ်မယ့်အရာတွေကို ကျွန်တော်တို့ ကာကွယ်တားဆီးသွားမှာ ဖြစ်ပါတယ်။”ဟု စီစီက ပြောသည်။

“ကျွန်တော်တို့ ရှေ့ဆက်သွားမယ်။ ကျွန်တော် ပြောထားသလို ဒီတိုက်ခိုက်မှုက ကျွန်တော်တို့ရဲ့ အကြမ်းဖက်ဖြိုခွင်းရေး ရည်သန်ချက်ကို ပိုအားကောင်းသွားစေတယ်။ သေဆုံးသူတွေအတွက် လက်နက်ကိုင်တပ်တွေနဲ့ ရဲတွေဟာ ပြင်းပြင်းထန်ထန် တုံ့ပြန်လက်စားချေသွားမယ်။ လာမယ့်ရက်တွေမှာ အင်အားများစွာနဲ့ လုံခြံုရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်ထိန်းသိမ်းယူမယ်။”ဟု သမ္မတ စီစီက ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွက် အီဂျစ်နိုင်ငံတွင် အမျိုးသားဝမ်းနည်းဖွယ်နေ့အဖြစ် သုံးရက် ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly