အမျိုးသမီးအင်အား လိုအပ်နေသော မြန်မာပြည်ငြိမ်းချမ်းရေး ဖော်ဆောင်မှု

အမျိုးသမီးအင်အား လိုအပ်နေသော မြန်မာပြည်ငြိမ်းချမ်းရေး ဖော်ဆောင်မှု

 

ရှမ်းပြည်နယ်၊ နမ္မတူမြို့ KBC  စစ်ရှောင်စခန်းအတွင်းတဲတစ်လုံးအဝင်ဝတွင်  အပ်ချုပ်စက် တစ်လုံးကနေ ရာယူထားပြီးမီးဖိုချောင်သုံးပစ္စည်းများက ဟိုတစ်စဒီတစ်စရှိနေသည်။ ယင်းအခန်းလေး ထဲတွင် ဒေါ်ရွယ်ဆမ်နှင့် ဧည့်သည်အမျိုးသားတစ်ဦးစကားစမြည်ပြောနေကြ၏။

   ‘‘ဒီမီးဖိုက ကျွန်မတို့ဘာသာ လုပ်ထားတာပါ။ အဲ့ဒါကို သေသေချာချာလုပ်ပြီး စျေးကွက်မှာ ပြန်ရောင်းချင်ပါတယ်’’ ဟုအမျိုးသမီးကပြောလိုက်ရင်း မီးဖိုအတွင်းရှိထင်းနှင့် မီးခဲများကို ဖြန့်ချလိုက် သည်။

   မီးခိုးအူနေသည့် မီးဖိုကိုကြည့်နေသူအမျိုးသားကသူ၏ အထက်အဖွဲ့အစည်းသို့ တင်ပြမည်ဖြစ် ကြောင်း၊ အဆင်ပြေမည်ဟုယူဆကြောင်း ပြန်ပြောလိုက်၏။ အသားအရေဝါဖန့်ဖန့်၊ စကားကိုအသံ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောတတ်သည့် ဒေါ်ရွယ်ဆမ်၏ မျက်ဝန်းများနှင့် လက်များက အစဉ်မပြတ် လှုပ်ရှားနေတတ်သည်။ လမ်းကို ခပ်သွက်သွက်လျှောက်လေ့ရှိသည်။ ခင်ပွန်းသည် ကွယ်လွန်သွားပြီ   ဖြစ်သောကြောင့် သားသမီး ၆ ဦးကို တစ်ယောက်တည်း အုပ်ထိန်းလာသူ ဒေါ်ရွယ်ဆမ်ကစခန်းရှိ မူကြိုကျောင်းတွင် အလုပ်လုပ်နေသူ ဖြစ်သည်။

 ‘‘လူကြီးတွေကဘာကြောင့် ကျွန်မကို ခေါင်းဆောင်လုပ်ဖို့ ရွေးလိုက်လဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကျွန်မတာဝန်ကို ကျွန်မ ကျေအောင်လုပ်ရမှာပေါ့’’ဟု ဒေါ်ရွယ်ဆမ်ကဟင်းချက်နေရင်း ပြောသည်။ မိသားစုစားဝတ်နေရေးအတွက် ဦးဆောင် ရုန်းကန်နေသူ၊ လက်မှုပစ္စည်းများထုတ်လုပ်သူ၊ စခန်းအတွင်းရှိ ပြဿနာများကိုဒိုင်ခံဖြေရှင်းရာတွင် ပါဝင်ရသူဒေါ်ရွယ်ဆမ်သည် အလုပ် လွန်စွာ များပြားသော်လည်း သူကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု ရှိနေသည်။ ယင်းမှာ ၎င်းတို့ကို နေရပ်စွန့်ခွာထွက်ပြေးစေသော ပြည်တွင်းစစ် ရပ်စဲရန်အတွက် ပြုလုပ်နေသည့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

   သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါသောကဏ္ဍများတွင် အမျိုးသမီးများကို နေရာပေးမှု အားနည်းခြင်းက ၄၈ နှစ်အရွယ် ဒေါ်ရွယ်ဆမ်ကဲ့သို့သော ထက်မြက်သူတို့   လျှောက်နေ သောလမ်းတွင် အဟန့်အတားကြီး ဖြစ်နေသည်။

တိုက်ပွဲကြားထဲ ဖြတ်သန်းရသူ

 မန်တုံမြို့နယ်အတွင်းရှိ ဒေါ်ရွယ်ဆမ်တို့၏ မန်ဆန်ရွာအပါအဝင် ကျေးရွာများသည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းစစ်ဒဏ် ပိုမိုခံလာရသည့် နောက်ဆက်တွဲအဖြစ် အိမ်နီးချင်းနမ္မတူမြို့ နယ်တွင် စစ်ဘေးရှောင်စခန်းများ ပေါ်ပေါက်လာခဲ့သည်။

 တိုက်ပွဲများနှင့် မည်သို့သက်ဆိုင်သည် မသိသော်လည်း ၂ဝ၁၆ မှ စတင်ကာစခန်းများ၌ မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာခဲ့သည်။ အကျိုးဆက်အဖြစ်  မိသားစုတွင်းအကြမ်းဖက်မှု   ပြဿနာများက ဒေါ်ရွယ်ဆမ်ထံသို့ ရောက်ရှိလာလေသည်။

    ‘‘ဒါတွေဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ စစ်ပွဲတွေဟာ အဓိက အကြောင်းရင်း တစ်ခုပဲ’’ဟု မျက်မှောင်ကြုတ်ထားသည့် ဒေါ်ရွယ်ဆမ်ကဒေသအကြိုက် ချဉ်ရေဟင်းလုပ်ရန် ဆွန်ထန်ခြောက်များကို ရေနွေးပူထဲ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

    ‘‘ကျွန်မတို့ကို ကာကွယ်တယ်ဆိုတာ ဘာကိုပြောတာလဲလို့ အဲ့ဒီစစ်တိုက်နေကြတဲ့ သူတွေကို ပြောချင်တယ်’’ဟု ဟင်းရည်အိုးထဲ လိုအပ်သည်များ ထည့်ရင်း တရစပ်ပြောနေသည်။ ထို့နောက် ထင်းချောင်းတစ်ခုပေါ်ထိုင်ကာ ခဏနားလိုက်ရင်း ‘‘ကျွန်မတို့တွေ CAMP တွေမှာ နေဖို့လုပ်ပေးနေ တာကိုပြောတာလား’’ ဟု အသံမာမာဖြင့် ပြောလိုက်သည်။

  ‘‘ဒီလိုဒုက္ခတွေဘာကြောင့် ဖြစ်ရလဲဆိုတာကို သိချင်လာတယ်၊ ဒီအတွက် ကျွန်မစာတွေဖတ် တယ်၊ သတင်းတွေနားထောင်တယ်၊ဒါပေမယ့် ကျွန်မအခုထိနားမလည်ဘူး’’ စာဖတ်ဝါသနာပါခြင်း ကလည်း ဒေါ်ရွယ်ဆမ် ခေါင်းဆောင်နေရာ ရောက်လာရေးအတွက် အထောက်အကူဖြစ်မည်ဟု ယူဆကြောင်း ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

  ‘‘သူကစာဖတ်ဖို့ မပျင်းဘူး။ စာဖတ်တော့ဘာဖြစ်လဲဆိုတော့ သူ့လူတွေကို သူကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း အများကြီး ကူညီပေး နိုင်တယ်’’ဟု ၎င်းက မှတ်ချက်ချသည်။

    ဒေါ်ရွယ်ဆမ်သည် နမ္မတူရှိ အခြားသော စစ်ရှောင်စခန်းများအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စရပ်များအတွက်လည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီနေသူဖြစ်သည်။နံနက် ၄ နာရီမှ ည ၉ နာရီအထိ အလုပ်အချိန်ဇယား ပြည့်နှက်နေသည့် ဒေါ်ရွယ်ဆမ်၏ အတွေးထဲတွင် စခန်းအတွင်း လိုအပ်ချက်များကို မိမိတို့၏ ခွန်အားဖြင့် ဖြည့်ဆည်းနိုင်ရေးလည်း ပါဝင်နေသည်။

    ‘‘ကျွန်မတို့ကို ကူညီနေသူတွေက အမြဲမကူနိုင်ဘူး။ ပြီးတော့ ကလေးတွေရဲ့ပညာရေးလည်း ရှိတယ်။ ဒီတော့ ကိုယ်တိုင်ရုန်းကန်ရမယ်လို့ပဲ တွေးတယ်’’ဟု ပန်းကန်များကို သိမ်းဆည်းရင်း ပြောပြသည်။ စုပေါင်းလုပ်ကိုင်နိုင်သည့် လုပ်ငန်းတစ်ခုကိုဖော်ဆောင်နိုင်ရန် ပညာရပ်အချို့ကို လေ့လာသင်ယူလျက်ရှိသည်။ လောင်စာနည်းထင်းမီးဖို၊ သဘာဝကုန်ကြမ်းသုံးဆပ်ပြာ၊ ခေါင်းလျှော် ရည်တို့ကို လေ့လာဖန်တီးထားပြီးဖြစ်သည်။

အမျိုးသမီးတို့၏အသံနားထောင်ခြင်း

  တိုက်ပွဲများကြောင့် အများဆုံးထိခိုက်နစ်နာရသူတို့မှာအမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များ ဖြစ်ကြောင်းနိုင်ငံတကာစစ်တမ်းများကအဖြေထုတ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် သည်။ သန်မာသည့် အမျိုးသားများကစစ်အေးချိန်တွင်   အိုးအိမ်ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန် နေရပ်ပြန်လေ့ရှိကြသည် ဆိုသောကြောင့် ကျန်ရစ်သည့် အမျိုးသမီးနှင့် ကလေးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြံုမှုအတွက် လိုအပ်ချက်များရှိနေကြောင်းနမ္မတူရှိ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တချို့ထံမှ သိရသည်။

   ၂၁ ရာစုဒုတိယပင်လုံညီလာခံ၏ လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက် ၄ ခုတွင် သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ အမျိုးသမီး၊ ကလေးများ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကိုလူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမခွဲခြားဘဲထိရောက်စွာကာကွယ်စောင့်ရှောက်ရန်၊ လူမှုဘဝမြှင့်တင်မှုကို ဆောင်ရွက် ရန်ဟူသည့် အချက်လည်း ပါဝင်သည်။

   ယင်းသဘောတူညီချက် ထွက်ပေါ်လာသည်မှာ ငါးလကြာပြီ ဖြစ်သော်လည်း နမ္မတူစစ်ရှောင်စ ခန်းများရှိ ထိခိုက်နစ်နာရသူများအတွက် လှုပ်ရှားဆောင်ရွက်မှု တစ်စုံတရာမရှိသေးကြောင်း စစ်ဘေးရှောင်တို့ကို ကူညီနေသည့်  ရှမ်းပြည်နယ် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့မှ  ဒေါ်ခေါင်နန်းက ပြောသည်။

   ‘‘ဒီသဘောတူညီချက်တွေကိုအကောင်အထည် မဖော်နိုင်သေးဘူးဆိုရင်တောင် တကယ်တိုက် ရိုက် သက်ဆိုင်တဲ့ သူတွေကိုသိအောင်ပြောပေးသင့်တယ်။ သူတို့စကားသံတွေကို နားထောင်သင့် တယ်’’ဟု အသင်းတော်မှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးလုပ်ငန်းတာဝန်ခံ ဒေါ်ခေါင်နန်းက သုံးသပ်သည်။

    ‘‘ကျွန်မတို့ တကယ်မြေပြင်မှာ ထိတွေ့နေရတဲ့ အသံတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ မပို့နိုင်သေးဘူး။ ဆွေးနွေးနေသူတွေက ဘယ်လိုအချက်အလက်တွေ ရယူလဲဆိုတာကိုတော့ မသိဘူး’’

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက မငြိမ်းချမ်း သည့်အတွက် စစ်ရှောင်စခန်းသို့ သွားရောက် ခိုလှုံရသူများ၊  အမျိုးသမီးများကိုလည်း  ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် မေ့မထားသင့်ကြောင်း ထောက်ပြသည်။

    ‘‘ကျွန်မတို့ဒီလူတွေအတွက် ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်သေးဘူး။ ဒါဟာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ ပြည်နဲ့အစိုးရတို့ရဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဖြစ်တယ်’’ဟုပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းကပြောသည်။

   ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေးမဟာမိတ်အဖွဲ့မှ  ပြန်ကြား/ ဆက်သွယ် တာဝန်ခံအရာရှိကိုကောင်းလတ်ကငြိမ်းချမ်းရေးဆွေးနွေးရာတွင်  အမျိုးသမီးတို့ကို ဖိတ်ခေါ်ရန် မပျက်ကွက်သင့်ဟူသော အချက်ကို သဘောတူသူ ဖြစ်သည်။ ‘‘ကျွန်တော်တို့က Camp (စခန်း) တွေကိုကိုယ်စားပြုတဲ့ အမျိုးသမီးတွေကိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်’’ဟု ကိုကောင်းလတ်က ဆိုသည်။

အမျိုးသမီးစွမ်းအင်

  အမျိုးသမီးများရင်ဆိုင်နေရသည့် လိင်စော်ကားခံရမှု အပါအဝင် ပြဿနာများစွာနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် သိရှိအဖြေရှာနိုင်ရန်အလို့ငှာ တိုက်ပွဲကြားတွင် ဖြတ်သန်း နေရပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လိုသော အမျိုးသမီးတို့ကို ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးမှာ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်။

    ၂၁ ရာစု ပင်လုံဆွေးနွေးပွဲများ အစပြုချိန်တွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး နောက်ဆုံး ဆွေးနွေးပွဲများတွင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းမှာ သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှု တစ်ခုဖြစ်သည်။ သို့သော်လည်းအရေးကြီးဆုံးဖြတ်ချက်ချမှတ်နိုင်သည့် နေရာများတွင်မူအမျိုးသမီးတို့ ပါဝင်နိုင်ခွင့် မရှိသေးချေ။ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ် ၃ဝ ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရေးဟူသော သတ်မှတ်ချက််အတိုင်း အမှန်တကယ် ဖြစ်လာရန် ကြိုးစားနေရဆဲပင် ဖြစ်သည်။

     ငြိမ်းချမ်းရေးစားပွဲသို့ သွားရောက်သူများအနက်  မြေပြင်အခြေအနေမှန်ကို စုံစမ်းသိရှိထား သူ မည်မျှပါဝင်သည်ဆိုသည်က ဒေါ်ရွယ်ဆမ် မေးလိုသည့် မေးခွန်းတစ်ခုဖြစ်၏။

ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် စစ်ပွဲများကြောင့် အမျိုးသမီးများအပါ် ထိခိုက်နစ်နာမှု၊ ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်းပြီးကုလသမဂ္ဂ လုံခြံုရေးကောင်စီကအထူးအလေးထားဆုံးဖြတ်ထားသည်။ လုံခြံုရေးကောင် စီ၏ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သောအဆိုပါ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ကိုအစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့များက လေးစားလိုက်နာကြရန် ပြည်တွင်းပြည်ပအဖွဲ့များက တောင်းဆိုထားကြ သည်။

   ငြိမ်းချမ်းရေးစေ့စပ် ဆွေးနွေးကြစဉ် အမျိုးသမီးများ၊ လူမှုအဖွဲ့အစည်းများပါဝင်လျှင်  သဘော တူညီမှုပျက်ပြားမှု ၆၄ ရာခိုင်နှုန်းလျော့နည်းစေသည်၊ သဘောတူညီချက် ရေရှည်ခိုင်မြဲမှုကိုလည်း ၃၅ ရာခိုင်နှုန်းပိုမိုစေနိုင်သည်ဟု ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့က မှတ်တမ်းပြုထားသည်။

 စေတနာ့ဝန်ထမ်း ဒေါ်ရွယ်ဆမ်က လူသုံးကုန်ပစ္စည်းလေးများ ထုတ်လုပ်ရင်းသူ၏ ကလေးများ ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူ ဖြစ်သည်။ အရွယ်ရောက်လာသော အကြီးဆုံး ကလေးက စင်ကာပူ တွင် သွားရောက် အလုပ်လုပ်နေပြီး၊  အငယ်ဆုံးမှာ စတုတ္ထတန်းတက်နေသည်။

သူ့တွင် မျှော်လင့်ချက်တစ်ခု ရှိနေသည်။ သူ့မေးခွန်းများကို ဖြေပေးနိုင်မည့်သူ (သို့မဟုတ်) သူတို့အကြောင်း စိတ်ဝင်တစားသိလိုသည့် လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတို့ကို တွေ့ဆုံလိုသည့် မျှော်လင့်ချက်ဖြစ်သည်ဟု စစ်ရှောင်စခန်းရှိ လူဦးရေ ၁၉၅ ဦး အသုံးပြုသည့် တစ်ခုတည်းသော ရေကန်ဘေးတွင် အဝတ်လျှော်ဖွတ်ရင်း ဒေါ်ရွယ်ဆမ်က ပြောသည်။

‘‘ကျွန်မတို့ကို ကာကွယ်ဖို့ တိုက်ခိုက်ကြတယ်။ အဲ့ဒါဟာ ဘယ်လိုမှ ကာကွယ်ရာ မရောက်ဘူး ဆိုတာကို သူတို့ကို သိစေချင်တယ်’’ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့် ချင်သူ ဒေါ်ရွယ်ဆမ်က ပြောလိုက်သည်။     ။

Mizzima Weekly