ရွှေတိဂုံဘုရား နိုင်ငံခြားသားဧည့်ဝင်ကြေး တိုးမြှင့် ကောက်ခံမည်

ရွှေတိဂုံဘုရား နိုင်ငံခြားသားဧည့်ဝင်ကြေး တိုးမြှင့် ကောက်ခံမည်

ရန်ကုန် နိုဝင်ဘာ ၂၄ ။             ။ ရန်ကုန်မြို့တော်သို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားအများစု အများဆုံးဝင်ရောက် လေ့လာလေ့ရှိသည့်   ရွှေတိဂုံစေတီတော်ကြီး၏   နိုင်ငံခြားသားဧည့်ဝင်ကြေးငွေကို လာမည့်ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းနှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်ဝင်ကြေးအဖြစ် ၂၀၁၆ ခုနှစ်အတည်းက ကောက်ခံခဲ့သည့် ကျပ်ငွေ ၈ဝဝဝ အစား ကျပ်ငွေ တစ်သောင်းအဖြစ် ပြင်ဆင်တိုးမြှင့် ပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း   ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့ရုံးမှ သိရသည်။

" ဟုတ်တယ် ၈ ထောင်ကနေ ၁ သောင်း တိုးပြီး ကောက်ခံသွားမှာပါ၊ ၁ ရက် ၁၂ လကနေ စပြီး ကောက်ခံသွားမှာပါ" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ပြောင်းလဲကောက်ခံမည့် နှုန်းထားအသစ်များကို လည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် ဧည့်လမ်းညွှန်များ သိရှိစေရန် ဘုရားစောင်းတန်း ထိပ်အတက်နေရာများတွင် ဆိုင်းဘုတ်တပ်ဆင်၍ တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရ သည်။

ရွှေတိဂုံစေတီတော်သို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက် မှုမှာ ၂၀၁၆ ခုနှစ်တွင် ခြောက်သိန်းတစ်သောင်း ကျော်ရှိခဲ့ပြီး၊ ယခုနှစ် ၂၀၁၇ အောက်တိုဘာ ၁ လ အတွင်း လာရောက်သူကမ္ဘာလှည့်ခရီးသွား ဧည့် သည် ၅၆၃၉၈ ဦး လာရောက်ခဲ့ကြောင်း နိုင်ငံခြားသား ဧည့်သည်တက်ရောက်မှုစာရင်းများ အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly