တရုတ် တီယန်ကျင်းပေါက်ကွဲမှုများကြောင့် အာမခံကြေး ကန်ဒေါ်လာ ၁.၅ ဘီလျံအထိပေးလျော် ရဖွယ်ရှိ

တရုတ် တီယန်ကျင်းပေါက်ကွဲမှုများကြောင့် အာမခံကြေး ကန်ဒေါ်လာ ၁.၅ ဘီလျံအထိပေးလျော် ရဖွယ်ရှိ

တီယန်ကျင်း၊ သြဂုတ်-၁၉ ။           ။ တရုတ်နိုင်ငံတွင် လူပေါင်းရာနှင့်ချီ သေကြေဒဏ်ရာရရှိစေခဲ့သည့် တွဲဆက်ပေါက်ကွဲမှုများက ထုနှင့်ထည်နှင့် အာမခံကြေးတောင်းဆိုမှု များကိုဖြစ်ပေါ်လာစေလိမ့် မည်ဟုဆိုသည်။

တင်းပြည့်ကျပ်ပြည့်ဂယက်ရိုက်မှုကို မမြင်ရသေးသော်လည်း ကနဦးအာမခံကြေးတောင်းဆိုမှုသည်ပင် ကန်ဒေါ်လာ ၁.၅ဘီလျံအထိ ရောက်ရှိနိုင်သည်ဟု Credit Suisse က ခန်မှန်းထားသည်။

အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းမြို့ တီယန်ကျင်းကို လှုပ်ခါပစ်ခဲ့သည့် ပေါက်ကွဲမှုများအတွင်း အနည်းဆုံး လူ ၁၁၄ဦးသေဆုံးခဲ့ရပြီဖြစ်ပြီး နောက်ထပ် ရုပ်အလောင်းများစွာမှာလည်း အပျက်အစီးများအောက် တွင်နစ်မြှုပ်နေနိုင်ဖွယ်ရာ ရှိနေကာ၊ အနည်းဆုံး ၅၇ဦးခန့်မှာလည်း ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ အချင်းဝက် ၅ကီလိုမီတာအတွင်း လူပေါင်း ၉၀၀၀၀ခန့် နေထိုင်ကြသည်ဟု တရုတ် ငလျင်ကွန်ရက်ဌာနက ပြောကြားခဲ့သည်။

ဥစ္စာပစ္စည်း၊ ကပ်ဘေးနှင့် အသက် နယ်ပယ်စုံမှ တရုတ်အာမခံကုမ္ပဏီများမှာ ပေါက်ကွဲမှု၏ အကျိုးဆက်အဖြစ် အာမခံကြေး ပေးလျော်ရဖို့ ရှိနေသည်။ နိုင်ငံသားအစုံကို တိုက်ရိုက် အာမခံပေးခြင်း (သို့မဟုတ်) တရုတ်အာမခံကုမ္ပဏီများကို ပြန်လည်အာမခံပေးခြင်းများကြောင့် နိုင်ငံတကာအာမခံကုမ္ပဏီများလည်း ပေါက်ကွဲမှု၏ ဂယက်ကို ခံစားကြရလိမ့်မည်ဟု Credit Susse က သုတေသနကြေညာချက်တစ်ခုတွင် ရေးသားခဲ့သည်။

အပါအဝင် တရုတ်နိုင်ငံ၏ အကြီးဆုံး အာမခံကုမ္ပဏီအချို့မှာ Ping An ၊ China Pacific နှင့် China Life အပါအဝင် ဥစ္စာပစ္စည်း၊ ကားနှင့် လုပ်ငန်း အာမခံကြေးတောင်းဆိုမှု ရာနှင့်ချီ၍ လက်ခံရရှိ ထားပြီဖြစ်သည်။

ပေါက်ကွဲမှုဒဏ်ခံရသည့် အခြားကားကုမ္ပဏီများထဲတွင် ကိုရီးယားကားကုမ္ပဏီကြီး ဟွန်ဒိုင်းလည်း ပါဝင်နေပြီး ပေါက်ကွဲမှုဧရိယာအတွင်း ရပ်နားထားသည့် ကားအစင်းရေ ၄၀၀၀၊ ကန်ဒေါ်လာ ၁၃၆သန်းဖိုး ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly