ပြည်ပြေးစစ်သားကို လိုက်ပစ်သည့် ဗီဒီယို ထွက်လာပြီးနောက် မြောက်ကိုရီးယားက နယ်ခြားစောင့် တစ်တပ်လုံး အပြောင်းအလဲ လုပ်

ပြည်ပြေးစစ်သားကို လိုက်ပစ်သည့် ဗီဒီယို ထွက်လာပြီးနောက် မြောက်ကိုရီးယားက နယ်ခြားစောင့် တစ်တပ်လုံး အပြောင်းအလဲ လုပ်

မြောက်ကိုရီးယား စစ်သားတစ်ဦးက နှစ်နိုင်ငံ အစောင့်အကြပ်ထားသည့် ပူးပေါင်းလုံခြံုရေး နယ်စပ်ဧရိယာမှ တောင်ကိုရီးယားဖက်သို့ ထွက်ပြေး လွတ်မြောက်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ နယ်ခြားစောင့်တပ် တစ်ဖွဲ့လုံးအား အစားထိုးလဲလှယ် တပ်ချထားခဲ့သည်ဟု တောင်ကိုရီးယားစုံစမ်းရေးတာဝန်ရှိသူများက ပြောကြောင်း EPA သတင်းဌာနက နိုဝင်ဘာ ၂၃ ရက်တွင် ဖော်ပြသည်။

အဆိုပါ မြောက်ကိုရီးယားစစ်သားသည် ၎င်း၏ တပ်ဖွဲ့ဝင်များ လိုက်လံပစ်ခတ်နေသည့်ကြားက တောင်ကိုရီးယားဖက်ခြမ်းသို့ ထွက်ပြေးကာ ပြေးဝင်ခိုလှုံသည် ဗီဒီယိုကို ဆိုးလ်တွင် ရှိသော ကုလသမဂ္ဂကွပ်ကဲရေးရုံးက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့ကြောင်း Global New သတင်းဌာနက ဖော်ပြသည်။

အဆိုပါ စစ်သားသည် နှစ်နိုင်ငံနယ်စပ် ပိုင်းခြားထားသော အပစ်ရပ်ရွာဟု သတ်မှတ်ထားသည့် Panmunjom ရှိ စစ်မဲ့ဇုန် DMZ ဧရိယာကို တစ်ဟုတ်ထိုး ဖြတ်သန်းကာ   တောင်ပိုင်းသို့ ပြေးလွှားလာသည်ကို မြောက်ကိုရီးယား နယ်ခြားစောင့်တပ်ဖွဲ့များက လိုက်လံပစ်ခတ်ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်သည် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဗီဒီယိုဖိုင်ကို ဆိုးလ်တွင် ရှိသော DMZ စစ်မဲ့ဇုန်မှ တောင်ကိုရီးယား စစ်ရေးဆောင်ရွက်မှုကို ကွပ်ကဲထိန်းချုပ်ရသော ကုလသမဂ္ဂကွပ်ကဲရေးရုံးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစစ်သားသည် သေနတ်ကျည် လေးခါထက်မနည်း ထိမှန်ထားပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

“မြောက်ကိုရီးယားဖက်မှာ နယ်ခြားစောင့် တစ်တပ်လုံး ရွှေ့ပြောင်းအစားထိုးတဲ့ လက္ခဏာတွေ တွေ့ရတယ်။”ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလို အခြေအနေ ဖြစ်တယ်ဆိုရင် မြောက်ကိုရီးယားဖက်မှာ တာဝန်ရှိ စစ်ဌာန တပ်မှူးတွေ၊ အရာရှိကြီးတွေပါ အပြစ်ပေးအရေးယူ ခံနေရတော့မှာ ဖြစ်တယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly