တရုတ်ပြည်ရှိ Apple Store ၌ Skype အက်ပလီကေးရှင်းအားပိတ်ပင်ရန် တရုတ်အစိုးရအမိန့်ပေး

တရုတ်ပြည်ရှိ Apple Store ၌ Skype အက်ပလီကေးရှင်းအားပိတ်ပင်ရန် တရုတ်အစိုးရအမိန့်ပေး

 

ဘေဂျင်း၊ နို၀င်ဘာ ၂၃ ။                ။ နာမည်ကျော်လူကြိုက်များသည့် ဆက်သွယ်ရေးအက်ပလီကေးရှင်းဖြစ်သော Skype နှင့် ၄င်းနှင့်ဆင်တူသော အခြားဆက်သွယ်ရေး အက်ပလီကေးရှင်းများကို တရုတ်အစိုးရ၏ပိတ်ပင်မှုကြောင့် Apple Store များနှင့် အခြား အက်ပလီကေးရှင်းရောင်းချသောနေရာများ၌ ရယူနိုင်ခြင်းမရှိတော့ကြောင်း တရုတ်ပြည်ရှိ Apple ကုမ္ပဏီက ဗုဒ္ဓဟူးနေ့၌ အတည်ပြုကြေညာခဲ့သည်။

“အများပြည်သူလုံုခြံုရေးဝန်ကြီးဌာနရဲ့ အသိပေးချက်အရ အင်တာနက်အသုံးပြုပြီးဆက်သွယ်ရတဲ့ VoIP အက်ပလီကေးရှင်းတွေဟာ ဒေသတွင်းဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒီအက်ပီကေးရှင်း တွေကို တရုတ်ပြည်ရဲ့ Apple Store ကနေဖျက်သိမ်းသွားမှာဖြစ်ပါတယ်” ဟု Apple က ထုတ်ပြန်ခဲ့သည်။

“ဒါပေမယ့် ဒီအက်ပလီကေးရှင်းတွေကို အခြားစျေးကွက်တွေမှာတော့ ရယူနိုင်ဦးမှာဖြစ်ပါတယ်” ဟုလည်း တရုတ်ပြည်ရှိ Apple ကုမ္ပဏီကပြောဆိုခဲ့သည်။ ယင်းအက်ပလီကေးရှင်းအများစုကို အသုံးပြုသူများသည် ၄င်းတို့၏တရားဝင်သက်သေခံကတ်ပြားများကို အသုံးပြု၍ စာရင်းပေးသွင်းခြင်းမရှိသောကြောင့် တရုတ်အစိုးရ က ယခုလိုပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း Apple က ရှင်းပြခဲ့သည်။

Apple သာမက အခြားသော တရုတ်ပြည်၏စမတ်ဖုန်းကုမ္ပဏီများဖြစ်ကြသော Xiaomi နှင့် Huawei တို့သည် လည်း Skype နှင့် အခြားသော VoIP အက်ပလီကေးရှင်းများကို အသုံးပြုခွင့်မပေးနိုင်တော့ကြောင်း သိရသည်။

ယခုဆုံးဖြတ်ချက်သည် နိုင်ငံခြားနည်းပညာကုမ္ပဏီများအတွက် တရုတ်ဆိုက်ဘာစီမံအုပ်ချုပ်ရေးအဖွဲ့၏ နောက်ထပ်ထိုးနှက်ချက်တစ်ခုလည်းဖြစ်သည်။ တရုတ်ပြည်၌ Google၊ Facebook၊ Twitter၊ YouTube နှင့် Instagram တို့ကိုလည်း အသုံးပြုခွင့်ပိတ်ပင်ထားသည်။

တရုတ်ပြည်မှအင်တာနက်အသုံးပြုသည့် သန်း ရ၀၀ ကျော်ခန့်သောပြည်သူများသည် တရုတ်အစိုးရ၏ အင်တာနက်ဆင်ဆာအစီအစဉ်များသည် VPN ပရိုဂရမ်များအား ထိခိုက်သွားမည်ကိုလည်း စိုးရိမ်လျက်ရှိနေကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly