လီဗာပူးလ်တွင် စတာရစ်ချ်ကိုလိုအပ်ဟု ကလော့ပ်ပြော

လီဗာပူးလ်တွင် စတာရစ်ချ်ကိုလိုအပ်ဟု ကလော့ပ်ပြော

နိုဝင်ဘာ ၂၁၊ လီဗာပူးလ်။           ။ လီဗာပူးလ်တွင် စတာရစ်ချ်ကိုလိုအပ်သည်ဟု နည်းပြကလော့ပ်ကဆိုလိုက်ပြီး တိုက်စစ်မှူးအနေဖြင့် ကောလာဟလများထက် အသင်းတွင်ဆက်နေရန်သာ အာရုံစိုက်သင့်သည်ဟု တိုက်တွန်းလိုက်သည်။

စတာရစ်ချ်သည် လက်ရှိရာသီတွင် ပရီးမီးယားလိဂ်လေးပွဲကစား၊ လေးပွဲအရန်ခုံထိုင်၊ နှစ်ဂိုးသွင်းထားသည်။ အင်္ဂလန် လက်ရွေးစင်ကစားသမားအနေဖြင့် နည်းပြဆောက်ဂိတ်၏ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွင်ပါဝင်လိုပါက ပွဲကစားခွင့်များများရရန် လိုအပ်နေသော်လည်း လီဗာပူးလ်နည်းပြကလော့ပ်က တိုက်စစ်မှူးကို လီဗာပူးလ်အတွက်သာ အာရုံစိုက်စေချင်နေသည်။

“ခြေစွမ်းကောင်းတဲ့ကစားသမားတစ်ယောက်က တစ်ချိန်လုံးမကစားရလို့ မပျော်ဘူးဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ကစားသမားရဲ့အခြေအနေကလုံးဝကောင်းပါတယ်။

နိုဝင်ဘာထဲရောက်နေချိန်မှာ ကျွန်တော်တို့ရဲ့ကစားသမားအားလုံးကိုလိုအပ်ပါတယ်။ သူတစ်မျိုးခံစားနေရတယ်ဆိုရင်တောင်မှ ပေါ့။

စျေးကွက်ဖွင့်ဖို့တစ်လခွဲဝန်းကျင်လိုသေးလို့ ကျွန်တော်အဲဒါတွေမစဉ်းစားချင်သေးပါဘူး။ အဲဒီမတိုင်မီပွဲတွေအများကြီးရှိနေပြီး ကစားသမားအားလုံးကို ကျွန်တော်လိုအပ်ပါတယ်”ဟု ကလော့ပ်ကပြောသည်။

၂၀၁၃-၁၄ ရာသီတွင် ၂၆ ပွဲကစားပြီး လိဂ်ဂိုး ၂၁ ဂိုးသွင်းခဲ့သည့်စတာရစ်ချ်သည် ယင်းနောက်ပိုင်းသုံးရာသီတွင် ဒဏ်ရာများ ကြောင့် ရုန်းကန်နေရပြီး လိဂ်ပွဲ ၂၉ ပွဲကစား ၁၇ ဂိုးသာသွင်းနိုင်ခဲ့သည်။

လက်ရှိရာသီတွင်လည်း ကလော့ပ်၏ ဦးစားပေးသုံးယောက်တွဲဖြစ်သော ဆာလက်၊ ဖာမီနိုနှင့် မာနေးတို့၏နောက်တွင်သာ နေရာရနေသည်။

ယခုလအစောပိုင်းတွင် ဂျာမနီ၊ ဘရာဇီးတို့နှင့်ခြေစမ်းစဉ် အသက် ၂၈ နှစ်အရွယ်ကစားသမားကိုချန်ထားခဲ့သည့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “သူက ပွဲပုံမှန်မကစားရပါဘူး။   တော်တော်လေးခက်တယ်ထင်ပါတယ်။ သူပွဲချိန်ပြည့်နောက်ဆုံးကစားခဲ့တာကို မေ့တောင်မေ့နေပါပြီ”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly