သဘာဝသစ်တောထွက်သစ် အသုံးပြုထုတ်လုပ်မည့်လုပ်ငန်းများ ခွင့်ပြုပေးခြင်း MIC ရပ်ဆိုင်း

သဘာဝသစ်တောထွက်သစ် အသုံးပြုထုတ်လုပ်မည့်လုပ်ငန်းများ ခွင့်ပြုပေးခြင်း MIC ရပ်ဆိုင်း
ဓာတ်ပုံ-EPA
 

နိုင်ငံတွင်းရှိ သဘာဝသစ်တောများမှ ထွက်ရှိသော သစ်ကို အသုံးပြုထုတ်လုပ်မည့် သစ်အခြေခံစက်မှု လုပ်ငန်းအသစ်များကို ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် အတည်ပြုမိန့်ထုတ်ပေးခြင်းတို့ကို ယာယီရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်ထုတ်လုပ်မှုလျှော့ချထားချိန်တွင် ဝန်ကြီးဌာန၏ မူဝါဒနှင့် လိုက်လျောညီထွေဖြစ်ရန် ထိုသို့ ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း  MIC ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက မဇ္စျိမသို့ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံလိုသူတွေ မရေမရာမဖြစ်စေဘို့ ပွင့်လင်းမြင်သာမှုဖြစ်အောင်ထုတ်ပြန်တာပါ။ စိုက်ခင်းက ထွက်မယ့် သစ်ကုန်ကြမ်း၊ပြည်ပက တင်သွင်းတဲ့ သစ်ကုန်ကြမ်းတွေကို သုံးမယ်ဆိုရင် ခွင့်ပြုပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် ယခုရပ်ဆိုင်းမှုတွင်  သစ်ကို အခြေခံ၍ ထုတ်လုပ်မည့် စက်မှုလုပ်ငန်းများအားလုံးမပါဝင်ဘဲ  ပြည်ပမှ သစ်ကုန်ကြမ်းတင်သွင်းသူများနှင့် ကိုယ်ပိုင်စိုက်ခင်းမှ ထွက်ရှိသော သစ်များကို အခြေခံထုတ်လုပ်မည့် လုပ်ငန်းများကိုမူ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါလုပ်ငန်းများ ခွင့်ပြုပေးခြင်းကို ယာယီရပ်ဆိုင်းထားမည့်ကာလမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ မူဝါဒအပေါ်မူတည်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags