မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ပြန်စစ်ဆေးရန်နှင့် သင်္ကန်းပြန်ဝတ်နိုင်ရေး ရှင်းလင်းပွဲ ပြုလုပ်

မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ပြန်စစ်ဆေးရန်နှင့် သင်္ကန်းပြန်ဝတ်နိုင်ရေး ရှင်းလင်းပွဲ ပြုလုပ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊နိုဝင်ဘာ၂၀ ။          ။ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခအပါအဝင် အခြားသောအမျိုးသားရေးလှုပ်ရှားသူများ အမှုရင်ဆိုင်ဖမ်းဆီးခံနေရခြင်းမှာ ဖိနှိပ်သည်ဟုတ်မဟုတ် သက်ဆိုင်သူများ၏ ခံယူချက်ဖြစ်လိမ့်မည်ဟု မကွေးကျောင်းဆရာတော်အမှုကူညီဆောင်ရွက်သူများအဖွဲ့မှ မစိုးရိမ်စာသင်သား ဦးအောင်မြိုင်က ပြောသည်။

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ မကျုးလွန်ခဲ့တဲ့အမှုအတွက် ပြန်စစ်ဆေး လွှတ်ပေးရန်နှင့် သင်္ကန်းပြန်ဝတ် ပေးနိုင်ရေးဆိုသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ နိုဝင်ဘာ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

 “အမျိုးသားရေးလှုပ်ရှားသူတွေကို ဖိနှိပ်သလိုဖြစ်မနေဘူးလားဆိုတဲ့ မေးခွန်း ဒီကိစ္စအပေါ်မှာတော့ သက်ဆိုင်သူတွေက သူတို့ရဲ့ခံယူချက်အတိုင်းရှိပါလိမ့်မယ်။ အဲဒီခံယူချက်အပေါ်မှာ   ပြစ်မှုကိုကျူးလွန်တယ်၊ မကျုးလွန်ဘူးဆိုတဲ့ အနေအထား ပုဒ်မတပ်လို့ရတယ်ဆိုတဲ့အနေအထား၊ ပြစ်မှုမြောက်တယ်၊ မမြောက်ဘူး ဆိုတဲ့ အနေအထားတွေ အရ သက်ဆိုင်ရာအစိုးရက   ဆောင်ရွက်တာဖြစ်ပါလိမ့်မယ်။ ပြစ်မှုမမြောက်ဘဲနဲ့ ထင်မြင်ချက်နဲ့ဆွဲဆိုတာရှိရင်လည်း ဖြေရှင်းရပါလိမ့်မယ်”ဟု မကွေးကျောင်းဆရာတော်အမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

နိုင်ငံတော်အစိုးရမှ အမျိုးသားရေးလှုပ်ရှားသူများကို ဖိနှိပ်နေသည်ဟု မစွပ်စွဲလိုဘဲ ယခုကဲ့သို့ အမျိုးသားရေးလှုပ်ရှားသူများ ဖမ်းဆီးခံရခြင်းကို အားမပေးကြောင်း ဦးအောင်မြိုင်က ဆိုသည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခကို ယခင်နှစ် ၂၀၁၆ ဧပြီလ ၂၈ရက် ပြုလုပ်သည့် အမေရိကန်သံရုံးရှေ့ ရိုဟင်ဂျာဟူသည့် အသုံးအနူန်းကန့်ကွက်ပွဲကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့မှုဖြင့် ယခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့၌ ရဟန်းအဖြစ်မှ လူဝတ်လဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကမာရွတ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) များဖြင့် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားလိုအနေဖြင့် ဦးသန်းထွန်းအောင် ဆိုသူက တရားစွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅-ခ သည် အာမခံ မရရှိနိုင်သည့် ဥပဒေပုဒ်မမျိုး ဖြစ်ပြီး မကွေးကျောင်း ဆရာတော် ဦးပါမောက္ခဟောပြောရာတွင် ထိုကဲ့သို့အသုံးအနူန်း၊ အပြောအဆိုမျိုး မပါရှိကြောင်း ယနေ့ သတင်းစာရှင်းပွဲတွင် စာများ၊ ဗီဒီယိုဖိုင်များဖြင့် မကွေးကျောင်းဆရာတော်အမှု ကူညီဆောင်ရွက်သူများအဖွဲ့က မီဒီယာများကို ရှင်းလင်းပြသခဲ့သည်။

ယခင်နှစ် ၂၀၁၆ ဧပြီလ ၂၈ရက်နေ့ ရိုဟင်ဂျာအသုံးအနူန်းနှင့်ပတ်သတ်၍ ကန့်ကွက်ပွဲကို သက်ဆိုင်ရာမှ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားကွင်းမှာသာ ခွင့်ပြုခဲ့ပြီး အမေရိကန်သံရုံးရှေ့၌ အမျိုးသားရေးလှုပ်ရှားသူ များက ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly