အမျိုးသမီးသုံးလိင်စိတ် အားတိုးဆေးကို အမေရိကန်အတည်ပြု

အမျိုးသမီးသုံးလိင်စိတ် အားတိုးဆေးကို အမေရိကန်အတည်ပြု

ဝါရှင်တန်၊ သြဂုတ် ၁၉ ။      ။ လိင်မှုကိစ္စတွင် စိတ်ဝင်စားမှု ဆုံးရှုံးနေသော အမျိုးသမီးငယ်များအတွက် လိင်စိတ်ကိုမြင့်တင်ပေးမည့် Addyi ဟုခေါ်ဆိုသည့်ဆေးတစ်မျိုးကို အသုံးပြုရန် အမေရိကန်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ဝင်များက သြဂုတ် ၁၈တွင် အတည်ပြုလိုက်သည်။

မြောက်ကယ်ရိုလိုင်းနားအခြေစိုက် Sprout Pharmaceuticals ကုမ္ပဏီက ထုတ်လုပ်သည့်  Flibanserin ဟုလည်းခေါ်ဆိုသည့် Addyiဆေးကို အမေရိကန် အစားအစာနှင့်ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့ ကထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဆေး၏ဘေးထွက်ဆိုးကျိုးမှာ ပြင်းထန်၍ အရက်နှင့်တွဲ၍ သောက်သုံးခွင့်မပြုဟု သိရသည်။

" ဒီကနေ့ အတည်ပြုပေးမှုက လိင်စိတ်အားနည်းမှုကြောင့် စိတ်ဓါတ်ကျနေတဲ့ အမျိုးသမီးတွေအတွက် အတည်ပြုထားတဲ့ ရွေးချယ်စရာကုသမှုတစ်ခုကို ပေးလိုက်ပါပြီ "ဟု အစားအစာနှင့်ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့(FDA)၏ ဆေးဝါးအကဲဖြတ်ရေးနှင့် သုတေသနစင်တာမှ ညွန်ကြားရေးမှူး ဂျက်နက်ဝုဒ်ကော့က ပြောသည်။

အထူးသဖြင့် ရုတ်တရက် ပြင်းထန်စွာ လိင်စိတ်ဆုံးရှုံးသည့်ရောဂါ( HSDD)ဖြစ်သည့် အခြေအနေမျိုးသာ အတွက်သာ FDA က အတည်ပြုခြင်းဖြစ်သည်ဆိုသည်။

ယခင်လိင်စိတ်နိုးကြားသော်လည်း စိတ်ဖိစီးမှုနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာပြသနာများကြုံတွေ့ရသော အမျိုးသမီးများတွင် လိင်စိတ်ဆုံးရှုံးသည့် ရောဂါဖြစ်လာနိုင်သည်ဟု သိရသည်။ ဆေးကို အရက်နှင့် တွဲသောက်ပါက သတိလစ်ခြင်း၊ ပြင်းပြင်းထန်ထန်သွေးဖိအားကျဆင်းခြင်းတို့ ဖြစ်တတ်သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly