၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ပြိုင်မယ့်အသင်း ၃၂ သင်း စုံညီပြီ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ပြိုင်မယ့်အသင်း ၃၂ သင်း စုံညီပြီ

ပီရူးအသင်းဟာ နယူးဇီလန်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရလိုက်တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် နောက်ဆုံးတစ်နေရာကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပထမအကျော့မှာ သရေကျထားတာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပီရူးအသင်းက ပိုမိုအသာရခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတင် ဖာဖန်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ဒုတိယပိုင်းရောက်မှ ရရှိခဲ့တာဖြစ်ပြီး ရာမို့စ်က သွင်းယူပေးခဲ့ပါတယ်။

ပီရူးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ နောက်ဆုံးအသင်းဖြစ်လို့ ပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းစုံညီသွားပြီ ဖြစ်ပါတယ်။

အုပ်စုမဲခွဲဖို့အတွက် ဘယ်မဲအိုးမှာ ဘယ်အသင်းကျရောက်မလဲဆိုတာလည်း အတိအကျ သိရှိရပြီ ဖြစ်ပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုအရ မဲအိုး ၁ မှာ အိမ်ရှင် ရုရှနဲ့အတူ ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်နဲ့ ပြင်သစ်တို့ ကျရောက်ခဲ့ပါတယ်။

မဲအိုး ၂ မှာတော့ စပိန်၊ ပီရူး၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဥရုဂွေးနဲ့ ခရိုအေးရှားတို့ ကျရောက်ခဲ့ပါတယ်။

မဲအိုး ၃ မှာတော့ ဒိန်းမတ်၊ အိုက်စလန်၊ ကော်စတာရီကာ၊ ဆွီဒင်၊ တူနီးရှား၊ အီဂျစ်၊ ဆီနီဂေါနဲ့အီရန်တို့ ကျရောက်နေပြီး မဲအိုး ၄ မှာတော့ ဆားဘီးယား၊ နိုက်ဂျီးရီးယား၊ သြစတြေးလျ၊ ဂျပန်၊ မော်ရိုကို၊ ပနားမား၊ တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေဗျတို့ ကျရောက်လျက်ရှိနေပါတယ်။

မဲခွဲပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအုပ်စုအဖွင့်ပွဲစဉ်ကိုတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly