ဂရိနိုင်ငံမြို့တော်အနီး၌ ရေကြီးမှုဖြစ်ပွားပြီး ၁၅ဦးခန့်သေဆုံး

ဂရိနိုင်ငံမြို့တော်အနီး၌ ရေကြီးမှုဖြစ်ပွားပြီး ၁၅ဦးခန့်သေဆုံး

 

အေသင်၊ နို၀င်ဘာ ၁၆ ။                            ။ ဂရိနိုင်ငံမြို့တော်အေသင်မြို့အနောက်ပိုင်းမှ ဆင်ခြေဖုံးအရပ်၌ ဗုဒ္ဓဟူးနေ့က ရေကြီးမှုဖြစ်ပွားခဲ့ပြီး ၁၅ဦးခန့် သေဆုံးကာ ၁၇ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး အများအပြားပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့ သည်။

ရေကြီးမှုဖြစ်ပွားနေသောနေရာမှ အခြေအနေများကို ရိုက်ကူးထားသောဓာတ်ပုံများထဲ၌ ရေစီးကြောင်းကြောင့် ကားများဘေးသို့ ရွေ့လျားသွားပြီး နေအိမ်များလည်း ၆ပေခွဲခန့် ရေမြုပ်နေသည်ကိုတွေ့မြင်ရသည်။

လူအသေအပျောက်အများဆုံးရှိခဲ့သောနေရာမှာ အေသင်မြို့အနောက်ပိုင်းမှ ၁၂မိုင်ခန့်ကွာဝေးသောအရပ်ရှိ မန်ဒရာမြို့တွင်ဖြစ်ပြီး ရေကြီးမှုဒဏ်ကို အများဆုံးခံစားခဲ့ရသည်။

ရေကြီးမှုဖြစ်ပြီးနောက်မိနစ်ပိုင်းအကြာတွင် မြို့တွင်းရှိလမ်းမများသည် အနီးနားရှိတောင်တန်းများပေါ်၌ ကျဆင်း လာသော ရွံ့နွံများနှင့် ရေတိုက်စားထားသော ကျောက်တုံးကြီးများပြည့်နှက်နေသည့် မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားလောက်သည်အထိ ရေကြီးမှုမှာ ပြင်းထန်ခဲ့သည်။

မန်ဒရာမြို့ရှိ ရေဖုံးလွှမ်းနေသောအဆောက်အဦးထဲမှ လူပေါင်း ၈၆ဦးခန့်ကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ပြီး ဘတ်စ်ကားပေါ်မှ ခရီးသည်တစ်ဒါဇင်ခန့်ကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။

“လူတွေဟာ သူတို့ရဲ့နေအိမ်ထဲမှာ ပိတ်မိနေပါတယ်။ နေအိမ်ထဲမှာလည်း ရေအမြင့်က တစ်မီတာလောက်ရှိနေ ပြီး အဲ့ဒီ့နေရာတစ်ဝိုက်မှာ လျှပ်စစ်မီးမရသလို သောက်ရေလည်းမရတော့ပါဘူး” ဟု မန်ဒရာမြို့တော်ဝန် ယီအန်နာခရစ်ကူကီက ဂရိရေဒီယိုမှတဆင့်ပြောကြားခဲ့သည်။

ရေကြီးမှုသည် အေသင်မြို့ဆင်ခြေဖုံးရှိ မီဂါရာနှင့် နီယာပါရာမော့စ်အရပ်အထိ ရောက်ရှိလာခဲ့ပြီး လူအများ အပြားသည် သူတို့၏နေအိမ်နှင့် ယာဉ်များထဲ၌ပိတ်မိနေကာ ကယ်ဆယ်ရေးသမားများသည် လူများကိုကူညီနိုင် ရန် လှေများကိုအသုံးပြု၍ သွားလာနေရသည်။

ဂရိ၀န်ကြီးချုပ် အလက်စစ်စီပရက်စ်က သဘာဝဘေးအန္တရာယ်ကြံုတွေ့ခံစားခဲ့ရသူများနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းနှင့် အကူအညီများကို အချိန်နှင့်တပြေးညီ   ပေးအပ်သွားနိုင်ရန်   မေတ္တာရပ်ခံခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly