အာဏာသို့ တကျော့ပြန်လာရန် ကြိုးစားသည့် သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေး ရွေးကောက်ပွဲတွင် ရှံုးနိမ့်ကြောင်း ဝန်ခံ

အာဏာသို့ တကျော့ပြန်လာရန် ကြိုးစားသည့် သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေး ရွေးကောက်ပွဲတွင် ရှံုးနိမ့်ကြောင်း ဝန်ခံ
သြဂုတ်လ ၁၇ ရက်က ကိုလံဘိုမြို့တွင် ရွေးကောက်ပွဲများအပြီး သမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေးကို ထောက်ခံသူများက ကြွေးကြော်သံများ အော်ဟစ်နေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကိုလံဘို၊ သြဂုတ် ၁၈ ။         ။ သီရိလင်္ကာ၏ အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေးက ပါလီ မန်ရွေးကောက်ပွဲများတွင် ရံှုးနိမ့်သွားခဲ့ကြောင့် ဝန်ခံသွားခဲ့သောကြောင့် သမ္မတအဖြစ်မှ ဖယ်ရှားခံရ ပြီး လပေါင်းများစွာအကြာတွင် အာဏာသို့ တစ်ကျော့ပြန်လာရေး သူ့မျှော်လင့်ချက်များမှာလည်း အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။

“ဝန်ကြီးချုပ်ဖြစ်ရေး ကျွန်တော့်အိပ်မက်က မှိန်ဖျော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျွန်တော်တို့ တိုက်ပွဲကောင်းတစ်ခုကို ရှုံးခဲ့တယ်ဆိုတာ ဝန်ခံပါတယ်’’ဟု ရာဂျာပက်ဆေးက အေအက်ဖ်ပီကို ပြော သည်။

ရာဂျာပက်ဆေးက ၎င်း၏ ပြည်သူ့လွတ်လပ်ရေး မဟာမိတ်တပ်ပေါင်းစုပါတီ(UPFA) မှာ ရွေးကောက်ပွဲ ကော်မရှင်နာ မဟိန္ဒြာ ဒက်ရှာပရီယာက နောက်ဆုံးရလဒ်များကို မကြေညာမီမှာပင် ရှုံးနိမ့်ခဲ့ကြောင်း လက်ခံခဲ့သည်။

ဤရှုံးနိမ့်မှုမှာ ဇန်နဝါရီလက သမ္မတ မယ်သရီပါလာ ဆီရီဆီနာက ရုတ်တရက် မဖယ်ရှားမီအ ထိ ဆယ်စုနှစ်နှင့်ချီပြီး သီရိလင်္ကာကို ခေါင်းဆောင်လာခဲ့သူ ဝန်ကြီးချုပ်အဖြစ် အာဏာသို့ တစ်ကျော့ပြန် လာရေး ယုံကြည်မှုထက်သန်နေသည့် ရာဂျာပက်ဆေးအဖို့ မျှော်လင့်မထားသည့် ပြောင်းပြန်ရလဒ် တစ်ခုပင် ဖြစ်သည်။

“ကျွန်တော်တို့က ခရိုင် ၈ ခုမှာ အနိုင်ရခဲ့ပြီး အာဏာရ အမျိုးသားတပ်ပေါင်းစုပါတီ(UNP) က ခရိုင် ၂၂ ခုအနက် ၁၁ ခုမှာ အနိုင်ရခဲ့တယ်။ ဆိုလိုတာက ကျွန်တော်တို့ ရှုံးခဲ့တယ်။ ခက်ခဲတဲ့ တိုက်ပွဲ တစ်ခုပါပဲ’’ ဟု ရာဂျာပက်ဆေးက ပြောကြားသည်။

လက်ရှိသမ္မတ ဆီရီဆီနာက ကတိခံထားသည့် ပြုပြင်ပြောင်းလဲရေးများကို တွန်းအားပေး အကောင်အထည်ဖော်နိုင်ရေး ပါလီမန်အတွင်း အင်အားစုစည်းရန် ကြိုးစားမှုအဖြစ် ရွေးကောက်ပွဲ များကို စီစဉ်ထားသည်ထက် တစ်နှစ်စော၍ ကျင်းပစေခဲ့သည်။

ဖယ်ရှားခံရသည့် သမ္မတဟောင်း ရာဂျာပက်ဆေးမှာ ခွဲထွက်ရေးအတွက် ၃၇ နှစ်ကြာ တိုက်ပွဲ ဝင်လာနေခဲ့သည့် တမီလ်ပြောက်ကျားများကို ၂၀၀၉ ခုနှစ်တွင် အမြစ်ပြုတ်အောင် နှိမ်နင်းနိုင်ခဲ့သော ကြောင့် သီရိလင်္ကာ၏ လူများစုဖြစ်သည့် ဆင်ဟေး လူ့အသိုင်းအဝိုင်းကြားတွင် ရေပန်းစား လူကြိုက် များဆဲပင် ဖြစ်သည်။

သို့ရာတွင် ကျွန်းနိုင်ငံလေး၏ လူမျိုးရေးပဋိပက္ခကို ရက်စက်စွာ နှိပ်ကွပ် အဆုံးသတ်ပစ်ခဲ့ သည့်အတွက် အနောက်အစိုးရများက ရာဂျာပက်ဆေးကို ဖယ်ကြဉ်ခဲ့ကြသကဲ့သို့ တမီလ်နှင့် မွတ်စ လင် လူနည်းစုများကြားတွင်လည်း အလွန်လူကြိုက်နည်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly