ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အမေရိကန် တိုက်တွန်းတောင်းဆိုမည်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အမေရိကန် တိုက်တွန်းတောင်းဆိုမည်

နိုဝင်ဘာ ၁၅ ။            ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန် နိုဝင်ဘာ ၁၅ ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံစဉ်မှာတော့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေး ပြန်လည်ရရှိရေးအတွက် တိုက်တွန်းတောင်းဆိုသွားမည် ဖြစ်ကြောင်း သိရပါတယ်။

ရခိုင်မြောက်ပိုင်းဒေသ ပြန်လည်တည်ငြိမ်ရေးက ၀ါရှင်တန်အတွက် ဦးစားပေးကိစ္စတစ်ခု ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်အနေနဲ့ ၎င်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို အလေးထားသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက မဇျ္စိမနဲ့ အင်တာဗျူး ဖြေဆိုရာမှာ ပြောကြားသွားပါတယ်။

၎င်း၏ အမည်ကို ထုတ်ဖော်ရေးသားခြင်းမပြုဖို့ အဆိုပါအရာရှိကြီးက ပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တီလာဆန်အပါအဝင် အခြားအမေရိကန် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ် အထူးသဖြင့် ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) များကို နေရပ်ပြန်ပို့ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြစဉ်အတွင်း သူမမှာ လွန်စွာ လိုလိုလားလားနှင့် ဟက်ဟက်ပက်ပက် ရှိလှကြောင်း ၎င်းက ပြောဆိုပါတယ်။

" ဒီ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အရပ်ဘက် အစိုးရရော၊ စစ်တပ်ရောပါ အတူတကွ လက်တွဲလုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်၊ ဒါကိုအရေးကြီးဆုံးကိစ္စအဖြစ် ကြိုးပမ်းကြရမှာဖြစ်ပါတယ်" လို့ အမေရိကန် အရာရှိကြီးက ပြောပါတယ်။

" ရခိုင်မြောက်ခြမ်း ဒေသကို ပုံမှန်အတိုင်းပြန်ဖြစ်စေချင်ပါတယ်၊ ဒါမှလည်း ဒုက္ခသည်တွေ ပြန်လာမှုအပိုင်းမှာ အဆင်ပြေချောမွေ့နိုင်မှာပါ၊ ဒီအတွက် အဲဒီဒေသမှာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုပါတယ်၊ အဲဒီ ပဋိပက္ခ ဇုံအတွင်းမှာရှိတဲ့ လူမျိုးနွယ်စု အုပ်စုအားလုံးကို စစ်တပ်က ကာကွယ်ပေးစေချင်ပါတယ်၊ ဒါ့အပြင် ကြမ်းတမ်းရက်စက်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ထားခဲ့သူတွေကို စနစ်တကျ ဖော်ထုတ်စုံစမ်းပြီးအပြစ်ပေးမှုတွေ လုပ်ဆောင်သွားစေချင်ပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

 

အကျပ်အတည်းကိစ္စကို တာဝန်ခံမှုရှိစွာနဲ့ တုန့်ပြန်လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင် မြန်မာနိုင်ငံအတွက် ရလာမယ့် အကျိုးဆက်တွေနဲ့ပတ်သက်လို့ စစ်တပ်အကြီးအကဲကို နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ရှင်းလင်းပြောပြပေးသွားမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

" မြန်မာနိုင်ငံ ရရှိနေတဲ့ တိုးတက်မှုတွေ ကြန့်ကြာသွားမှာ ဒါမှမဟုတ် ပြီးခဲ့တဲ့နှစ်တွေအတွင်း ရထားခဲ့သမျှ အောင်မြင်မှုတွေ ဆုံးရှုံးသွားမှာမျိုး ကျွန်တော်တို့မဖြစ်စေချင်ပါဘူး၊ ဒါပေမယ့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုုးတိုးတက်မှုအတွက်ဆိုရင် တာဝန်ခံမှု၊ တာဝန်ယူမှုက အရေးကြီးလှပါတယ်" လို့ ၎င်း အရာရှိကြီးက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်နဲ့ ယင်းရဲ့ စီးပွားရေးအကျိုးအမြတ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထားတဲ့ ခရီးသွားပိတ်ပင်ချက်တွေပြဌာန်းဖို့၊ တင်းကျပ်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့ချက်တွေ ချမှတ်ဖို့ ထရမ့်အစိုးရကို အမေရိကန် ဆိနိတ်အမတ်တွေက ဖိအားပေးတိုက်တွန်းနေလျက်ရှိပါတယ်။

" နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်၊ ဒါ့အပြင် နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေနဲ့ သတင်းမီဒီယာရယူခွင့်တို့ကို အဟန့်အတားမရှိ ၀င်ရောက်ခွင့်ပြုဖို့၊ ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်တွေအပေါ်မှာ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထောက်ခံအားပေးသွားဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် မြန်မာစစ်တပ်အနေနဲ့ လူသားချင်း ချိုးဖောက်ကျူးလွန်မှု ပြစ်မှုတွေ၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ကိစ္စတွေ ကျူးလွန်ထားပါတယ်ဆိုပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့တဲ့ အခြားသော အဆင့်မြင့် အမေရိကန် အရာရှိကြီးတစ်ဦးကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စွပ်စွဲပြောကြားခဲ့ပါသေးတယ်။

ပဋိပက္ခဇုံများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ Pramila Patten ကလည်း သူမအနေနဲ့ မြန်မာစစ်တပ်အပေါ် စွဲဆိုထားချက်များကို သည်ဟေ့ဂ်မြို့က နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ တင်ပြသွားမယ်လို့ ပြောထားပါသေးတယ်။

မြန်မာ့တပ်မတော်အနေနဲ့ကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စစ်ဆေးစေခဲ့ပြီး ယင်းကနေတဆင့် စစ်ဆေးတွေ့ရှိချက်တွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်ကနေတဆင့် အများသိအောင် ထုတ်ဖော်ထားခဲ့သလို ယင်းစွဲချက်တွေနဲ့ပတ်သက်လို့ ယင်းရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်အသိပေးထားခဲ့ပြီးဖြစ်ပါတယ်။

ယင်းထုတ်ပြန်ချက်ထဲမှာတော့ ယင်းရဲ့ စစ်သားတွေအနေနဲ့ ဘင်္ဂါလီ ရွာသားတွေကို ပစ်ခတ်တာ၊ သတ်ဖြတ်ခဲ့ခြင်းမရှိသလို၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဒါမှမဟုတ် အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်တာ တို့နဲ့ပတ်သက်လို့ သက်သေအထောက်အထား ဖြစ်စဉ်တစ်ခုမှ တွေ့ရှိထားရခြင်းမရှိပါကြောင်း တပ်မတော်က ထုတ်ပြန်ဖော်ပြထားပါတယ်။ ယင်းအပြင် လုံခြံုရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘင်္ဂါလီကျေးရွာတွေကို မီးရှို့ခဲ့ခြင်း မရှိသလို အင်အားအလွန်အကျွံအသုံးပြုခဲ့ခြင်းလည်း မရှိကြောင်း တပ်မတော်က ထုတ်ပြန်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကနေဒါ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒိုး တို့ဟာလည်း မနီလာမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ရခိုင်မှာ မြန်မာတပ်တွေရဲ့ အကြမ်းဖက်သမား နှိမ်နင်းမှု နယ်မြေရှင်းလင်းမှုကြောင့် သြဂုတ်လနောက်ပိုင်းကတည်းက ဘင်္ဂါလီ မွတ်ဆလင် ၆၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးထားခဲ့ပါတယ်။ ယင်း ရှင်းလင်းဆောင်ရွက်မှုကိုတော့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကိစ္စဖြစ်တယ်ဆိုပြီး ကုလအကြီးတန်းအရာရှိကြီးတစ်ဦးက ပြောထားပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနီလာမြို့မှာ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ရင်း တီလာဆန်က မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်မှာလည်း တီလာဆန်အနေနဲ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဦးမှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်အကြီးအကဲနဲ့ တွေ့ဆုံစဉ် ကန်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဘယ်လိုချဉ်းကပ်မှုမျိုးနဲ့ ဆွေးနွေးသွားမလဲ ဆိုတဲ့ ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဖြေကြားရာမှာတော့ အဓိကအားဖြင့် ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်စေရေးကိုသာ အလေးထားသွားမှာဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

" ရခိုင်မြောက်ပိုင်းဒေသမှာ ပြန်လည်တည်ငြိမ်အေးချမ်းလာဖို့ ကျွန်တော်တို့ အလေးထားသွားမှာဖြစ်ပါတယ်၊ ဒါမှလည်း ပြည်သူတွေအနေနဲ့ အဲဒီကို ပြန်လာနိုင်မှာဖြစ်ပါတယ်၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ စစ်တပ်က အဲဒီဒေသက ပြည်သူအားလုံးကို သာတူညီမျှ ကာကွယ်ပေးဖို့၊ ညှင်းပန်းနှိပ်စက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်တာဝန်ခံခိုင်းဖို့အတွက် စိတ်ချယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ ကျွန်တော်တို့ အလေးထားသွားမှာဖြစ်ပါတယ်" လို့ တီလာဆန်နဲ့အတူ လိုက်ပါလာတဲ့ အမည်မဖော်လိုသူ အမေရိကန်အရာရှိကြီးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly