အာဖရိကဇုန်တွင် ဆီနီဂေါ၊ မော်ရိုကိုနှင့်တူနီးရှားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီ

အာဖရိကဇုန်တွင် ဆီနီဂေါ၊ မော်ရိုကိုနှင့်တူနီးရှားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီ

နိုဝင်ဘာ ၁၂ ။              ။ ယခုတစ်ပတ်တွင် ကစားခဲ့သည့် အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အချို့ ပြီးဆုံးခဲ့ပြီးနောက် ဆီနီဂေါ၊ မော်ရိုကိုနှင့် တူနီးရှားတို့မှာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိသွားကြပြီ ဖြစ်သည်။

အာဖရိကဇုန်အတွက် ငါးနေရာရရှိရာတွင် နိုက်ဂျီးရီးယားနှင့်အီဂျစ်တို့မှာ စောစီးစွာခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ယခု လက်ကျန်သုံးနေရာအတွက် ဆီနီဂေါ၊ မော်ရိုကိုနှင့် တူနီးရှားတို့ ၀င်ခွင့်ရရှိသွားကြခြင်း ဖြစ်သည်။

ဆီနီဂေါအသင်းသည် တောင်အာဖရိကအသင်းကို အဝေးကွင်းတွင် ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ လက်ကျန်ပွဲစဉ်တစ်ပွဲကစားရန် ကျန်နေသေးသော်လည်း ဒုတိယနေရာမှ ဘာကီနာဖာဆိုကို ငါးမှတ်အထိဖြတ်ထားနိုင်သည့်အတွက် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(စီ)မှ မော်ရိုကိုအသင်းမှာမူ နာမည်ကြီး အိုင်ဗရီကို့စ်အသင်းကို အဝေးကွင်းတွင် ၀-၂ ဂိုးဖြင့် အနိုင်ယူပြီး ငါးကြိမ်မြောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိသွားခြင်းဖြစ်သည်။ ယခုပွဲမတိုင်ခင် မော်ရိုကိုက ၉ မှတ်ရထားပြီး အိုင်ဗရီကို့စ်က ၈ မှတ်ရထားခြင်း ဖြစ်သည်။ မော်ရိုကိုမှာ သရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော်လည်း အိုင်ဗရီကို့စ်ကို အနိုင်ကစားကာ ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။

တူနီးရှားအသင်းမှာမူ လစ်ဗျားအသင်းကို အိမ်ကွင်းတွင် ဂိုးမရှိသရေကစားပြီး ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။ အဓိကပြိုင်ဘက် DR ကွန်ဂိုမှာ တစ်ဖက်တွင် အနိုင်ရခဲ့သော်လည်း တူနီးရှားက ၁၄ မှတ်၊ DR ကွန်ဂိုက ၁၃ မှတ်ဖြင့် တူနီးရှား ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။ တူနီးရှားအသင်းမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ၀ီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly