အိုလံပစ်ပြိုင်ပွဲတွေမှာ မြင်ရဖို့ နီးကပ်လာနေတဲ့ eSports

အိုလံပစ်ပြိုင်ပွဲတွေမှာ မြင်ရဖို့ နီးကပ်လာနေတဲ့ eSports

 

eSports ကစားနည်းက အိုလံပစ် eSports ပွဲဆိုပြီး ဖြစ်လာဖို့ နီးကပ်လာတာနဲ့အမျှ ဂိမ်းကစားသူတွေကလည်း  ရွှေတံဆိပ်ရဖို့ ပြိုင်ဆိုင်လိုနေကြပြီး ယင်းဟာ ယခုဆိုရင် ဂိမ်းကစားသူတွေကြားမှာ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ပလေယာတွေအနေနဲ့ အွန်လိုင်းပေါ်က ပွဲကြည့်ပရိတ်သတ်တွေရှေ့မှာ ဒါမှမဟုတ် ထိုင်ခုံထောင်နဲ့ချီရှိတဲ့ တကယ့်ကစားကွင်းကြီးထဲမှာ ဆုငွေတွေရဖို့ ယှဉ်ပြိုင်ကြရပါတယ်။ ခုဆိုရင်တော့ ဂိမ်းကစားသူတွေအနေနဲ့  အိုလံပစ် ဆုတံဆိပ်တစ်ခုကို အိမ်ပြန်သယ်နိုင်မယ့် အခွင့်အရေး ရနိုင်မယ့် အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့နိုင်ငံတကာအိုလံပစ်ကော်မတီက လာမယ့်ပြိုင်ပွဲတွေမှာ ယင်း eSports ကို ထည့်သွင်းကျင်းပဖို့ စီစဉ်စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဗီဒီယိုဂိမ်းဝါသနာအိုး ထောင်ပေါင်းများစွာတို့ဟာ ယခုနှစ်ထဲမှာ Paris Games Week ဆီ စုပြံုရောက်ရှိလာခဲ့ကြပါတယ်။ ပြင်ပက စင်မြင့်ထက်ပေါ်မှာ တကယ့်ပရောဖက်ရှင်နယ် ဂိမ်းကစားသူတွေအချင်းချင်း ယှဉ်ပြိုင်မယ့် အခွင့်အရေးရယူဖို့ ရောက်ရှိလာကြတာဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီကတော့ eSports တွေက တကယ့်လိုအပ်တဲ့ ကစားနည်းဖြစ်တယ်လို့ မကြာသေးမီက ဆုံးဖြတ်ထားပြီ ဖြစ်ပါတယ်။

ပါရီမှာဆိုရင်လည်း Millenium team ဟာ လာမယ့် FIFA 2018 ပြိုင်ပွဲမတိုင်ခင် အကြိုလေ့ကျင့်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ လစာယူနေတဲ့ပရောဖက်ရှင်နယ်တွေဖြစ်ကြတယ်ဆိုပေမယ့် ဂိမ်းပြိုင်ပွဲမှာ ပထမဆုရဖို့ဆိုတာကတော့ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။

" ဒါက ပြင်းပြင်းထန်ထန် လေ့ကျင့်မှု လိုပါတယ်၊ ဗီဒီယိုဂိမ်းတွေရှေ့မှာ ကျွန်တော်တို့အချိန်အများကြီးယူပြီး လေ့ကျင့်ကြရပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ရူထောင့်မှာတော့ ဒါက အဓိကအားကစားနည်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ Screen တစ်ခုပေါ်မှာ အချိန်အကြာကြီး ကျွန်တော်တို့ အာရုံစိုက်ရပါတယ်" ဆိုပြီး ပရောဖက်ရှင်နယ် ဂိမ်းကစားသူတစ်ဦးဖြစ်တဲ့ Herozia က ပြောပါတယ်။

တရုတ်နိုင်ငံ Hangzhou မြို့မှာ ကျင်းပမယ့် 2022 Asian Games မှာလည်း ယင်း eSports ကို ထည့်သွင်းကျင်းပဖို့ စီစဉ်နေပြီး ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်သွားဖို့ ရှိနေပါတယ်။

" တစ်ဦးတည်းအမြင်အရ ပြောရရင် အိုလံပစ်ပြိုင်ပွဲတွေမှာ ဒီ eSports နဲ့ပတ်သက်လို့ နည်းနည်းတော့ သံသယဖြစ်မိပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ အိုလံပစ်အားကစားနည်းတစ်ခုလို မတူဘူးလေ၊ ဘာပဲဖြစ်ဖြစ် ဒါကို ပြိုင်ပွဲမှာ မြင်ရမယ့်အပေါ် ကျွန်တော်ဝမ်းမြောက်မိပါတယ်" လို့ ပရောဖက်ရှင်နယ် ဂိမ်းကစားသူတစ်ဦးဖြစ်တဲ့ Maestro က ပြောပါတယ်။

Sasha Brodowski က eSports player အေဂျင့်တစ်ဦးဖြစ်ပါတယ်။ သူ့ကုမ္ပဏီကတော့ ငယ်ရွယ်ပြီး အရည်အချင်းရှိလူငယ်တွေအတွက် schedules တွေ၊ contracts တွေနဲ့ social networks တွေကို စီမံနေပါတယ်။

ယခုလို အိုလံပစ်ပွဲတွေမှာ eSports တွေကို ထည့်သွင်းမယ့် အိုင်ဒီယာကို ကြိုဆိုကြောင်း သူက ပြောခဲ့ပေမယ့် မကြာမီကာလအတွင်းမှာတော့ ဒါဟာ ဖြစ်လာဖွယ် လမ်းမမြင်သေးဘူးလို့ ၎င်းက ဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly