ထောင်ဆိုတာ ဝင်လိုက် ထွက်လိုက်ပဲ ငယ်ငယ်က လူသတ်ခဲ့ဖူးတယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတ

ထောင်ဆိုတာ ဝင်လိုက် ထွက်လိုက်ပဲ ငယ်ငယ်က လူသတ်ခဲ့ဖူးတယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတ

နိုဝင်ဘာ ၁၀ ။           ။ ဆယ်ကျော်သက်လူငယ်ဘဝတုန်းက လူတစ်ယောက်ကို ဓားနဲ့ အသေထိုးသတ်ခဲ့ဖူးတယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောဆိုလိုက်ပါတယ်။ မနီလာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်မတိုင်ခင် ၎င်းရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအပေါ် ပိုပြီး အားပေးအားမြှောက်ပြောဆိုလိုက်ခြင်း လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့က ဖိလစ်ပိုင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံစဉ် ဒူတာတေးက ပြောကြားရာမှာတော့ သူ့အနေနဲ့ ကုလ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့မယ်ဆိုရင် ပါးရိုက်ပစ်လိုက်မှာဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့ပါသေးတယ်။

" ကျုပ် လူငယ်ဘဝတုန်းကပေါ့ဗျာ၊ အဲဒီတုန်းကတော့ ထောင်ဆိုတာ ၀င်လိုက်ထွက်လိုက်ပါပဲ၊ အသက် ၁၆ နှစ်တုန်းကဆိုရင် လူတောင် သတ်ခဲ့တယ်ဗျ၊ တကယ်ပြောတာ၊ ဓားနဲ့ကို ထိုးခဲ့တာ၊ အဲဒီတုန်းကတော့ ၁၆ နှစ်ပေါ့ဗျ၊ ခု အဲဒီအချိန်ကို ပြန်ကြည့်စမ်း၊ ခုဆိုရင် သမ္မတတောင် ဖြစ်နေပြီဗျာ" ဆိုပြီး အေပက်ထိပ်သီးအစည်းအဝေးတက်ဖို့ ဒါနန်းမြို့မှာ ရောက်ရှိနေတဲ့ ဒူတာတေးက ပြောကြားသွားပါတယ်။

နိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးတွေကို ပပျောက်အောင် နှိမ်နင်းမယ်ဆိုပြီး ယမန်နှစ်ရွေးကောက်ပွဲအနိုင်ရလာခဲ့တဲ့ ဒူတာတေး အနေနဲ့ ၎င်းရဲ့ ကတိအတိုင်း လုပ်ဆောင်နေတဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲတွေအတွင်း လူသေဆုံးမှု များပြားနေတာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။

၎င်း အာဏာရလာတဲ့ ၁၆ လတာအတွင်း မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်းလူပေါင်း ၃,၉၆၇ ဦး သတ်ဖြတ်ထားခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly