အိန္ဒိယ-မြန်မာအကြား ဗုဒ္ဓသာသနာနှင့် ပြည်သူအချင်းချင်းကြား ဆက်သွယ်မှုတို့ အပြန်အလှန် ချိတ်ဆက်လျက်ရှိ

အိန္ဒိယ-မြန်မာအကြား ဗုဒ္ဓသာသနာနှင့် ပြည်သူအချင်းချင်းကြား ဆက်သွယ်မှုတို့ အပြန်အလှန် ချိတ်ဆက်လျက်ရှိ

နိုဝင်ဘာ ၁၀ .။            ။ အိန္ဒိယနှင့် မြန်မာအကြား လူဦးရေစီးဝင်မှုက ယင်းနိုင်ငံများ၏ နယ်စပ်ဒေသများတွင် ပျံ့နှံ့စိမ့်ဝင်နေလျက်ရှိတဲ့ တူညီသည့် ဗုဒ္ဓသာသနယဉ်ကျေးမှုနှင့် ချိတ်ဆက် ပတ်သက်နေလျက်ရှိကြောင်း အိန္ဒိယ ဗုဒ္ဓသာသနာ ဆိုင်ရာ ပညာရှင် Suchandra Ghosh က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

"အိန္ဒိယ-မြန်မာ ဆက်ဆံရေး- ရှေ့သို့လှမ်းချီတက်ခြင်း" ကွန်ဖရင့်မှာ ပါမောက္ခ Ghosh က အထက်ပါအတိုင်း ပြောဆိုသွားပါတယ်။ " ဒီဒေသမှာ ဗုဒ္ဓသာသနာကို လေ့လာသိရှိခြင်းက အတိတ်ကာလကို ပြန်လှည့်ကြည့်ရုံ တင်မကပါဘူး၊ နှစ်နိုင်ငံအကြား ပြည်သူတွေအချင်းချင်းအကြား ဆက်သွယ်ချိတ်ဆက်မှုတွေကို တိုးတက်စေဖို့ အတွက်ပါ အဓိကကျပါတယ်" လို့ ၎င်းက ဆိုပါတယ်။

Harikela ဒေသက ဗုဒ္ဓသာသနာက မြန်မာနိုင်ငံအောက်ပိုင်းကိုပါ ပေါက်ရောက် ရောက်ရှိလာပြီး၊ အာရကန် (ယခု ရခိုင်) ဟာဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့ Cox's Bazar ဒေသ၊ အိန္ဒိယအရှေ့မြောက်ပြည်နယ် Tripiura တို့က ဗုဒ္ဓသာသနာနဲ့ ချိတ်ဆက်နွယ်မှုများ ရှိကြောင်း၊ Tripiura မှာရှိတဲ့ Pilak stupa ဆိုလည်း အဆိုပါခေတ်ကာလ က လူသားယဉ်ကျေးမှုကို ထပ်ဟပ်ပြသနေကြောင်း သူမက ပြောပါတယ်။

" ခုချိန်မှာ ပြည်သူတွေအချင်းချင်းအကြားက ဆက်သွယ်ချိတ်ဆက်မှုအလားအလာတွေကတော့ ကျွန်မတို့ အကြား တူညီတဲ့ သမိုင်းဆိုင်ရာ ဗုဒ္ဓသာသန အမွေအနှစ်တွေနဲ့ ချိတ်ဆက်နွယ်နေပါတယ်" လို့လည်း သူမက ဆိုပါတယ်။

ယင်းနောက် အိန္ဒိယ ဗုဒ္ဓသာသနာဆိုင်ရာ ပညာရှင် Mrinal Kanti Chakma ကပြောကြားရာမှာတော့ အိန္ဒိယ-မြန်မာ ဗုဒ္ဓသာသနာချင်း ချိတ်ဆက်သွယ်မှုက ဗုဒ္ဓဘုရားပွင့်တော် မူခဲ့သည့် ရှေ့ယခင်အချိန်ကာလတွေ ကတည်းက ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

" ဗုဒ္ဓသာသနာက အိန္ဒိယနဲ့ မြန်မာအကြား ယဉ်ကျေးမှုချင်း အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှုကို ကိုယ်စားပြုနေလျက်ရှိပါတယ်" လို့  ပါမောက္ခ Chakma က ပြောပါတယ်။

" ကိုလိုနီခေတ်လွန်ကာလမှာ အပြန်အလှန် ဖလှယ်မှုက အချိန်ကြာမြင့်စွာ တည်တ့ံခဲ့ပါတယ်၊ ၀ိပဿနာ ပွားများမှုအလေ့အကျင့်ကလည်း ယင်းရဲ့မူလနေရာဖြစ်တဲ့ အိန္ဒိယကို မြန်မာနိုင်ငံဆီကနေ ကူးလူး ရောက်ရှိခဲ့ပါတယ်" လို့ Chakma က ဆိုပါတယ်။ ယခုဆိုရင် အိန္ဒိယသာမကဘဲ အနောက်နိုင်ငံတွေမှာလည်း ၀ိပဿနာပွားများ တရားထိုင်မှုကို နည်းလမ်းကြီးတစ်ခုအနေနဲ့ လုပ်ဆောင်နေကြပါပြီ" လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက ဗုဒ္ဓဘုရားဖူး သန်းပေါင်းများစွာတို့ဟာ အိန္ဒိယနိုင်ငံက ဗုဒ္ဓသာသနာ အမွေအနှစ်နေရာတွေကို လာရောက်ဖူးမြှော်လည်ပတ်နေကြပြီး ဘုရားဖူးတစ်ချို့ဆိုရင် ဗုဒ္ဓဂါယာလိုမျိုး နေရာတွေက ကျောင်းဆောင်ဗိဗ္မာန် အဆောက်အအုံတွေမှာ အလှူငွေကြေးထည့်ဝင်မှုတွေ ရှိနေပါတယ်။

" ဒါပေမယ့် ပြည်ပနိုင်ငံသားတွေက အိန္ဒိယမှာ အလှူငွေတွေကိုထိန်းသိမ်းပေးမယ့် ဂေါပကအဖွဲ့တွေ မထူထောင်နိုင်တဲ့အတွက်ကြောင့် သူတို့တွေဟာ ဒေသခံတွေဆီကိုပဲ အလှူငွေတွေ ထည့်ဝင်လှူဒါန်းရတဲ့ အခါမှာတော့ ဒေသခံ တစ်ချို့ဟာ ၎င်း အလှူရှင်တွေရဲ့ အကျိုးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေ ပါတယ်" လို့ Chakma က ဆိုပါတယ်။ ဒါကြောင့်လည်း အိန္ဒိယရဲ့ ဗုဒ္ဓသာသနာယဉ်ကျေးမှု နေရာတွေမှာ ဒီလိုမျိုး ဘုရားဖူးတွေ ကြံုတွေ့နေရတဲ့ ပြဿနာတွေကို ကိုင်တွယ်အဖြေရှင်ဖို့ အိန္ဒိယအစိုးရဘက်က စီစဉ်လုပ်ဆောင်နေတယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

" ဒီပြဿနာတွေက အရမ်းကြီးတော့လည်းမကြီးပါဘူး၊ ဒါပေမယ့် ကြိုးစားပြီးတော့ ဖြေရှင်းလို့ရနိုင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ပြဿနာကြီးတစ်ခုလို ဖြစ်မလာခင် ကြိုတင်ဖြေရှင်းရပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။

ယင်းအတွက်ကြောင့် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ အမွေအနှစ်တွေထိန်းသိမ်းပြသပေးထားနိုင်တဲ့ ဗုဒ္ဓဂါယာနဲ့ အခြားနေရာတွေမှာ ရှိတဲ့ ကျောင်းဆောင်ဗိမ္မာန်တွေကို တည်ဆောက်ထိန်းသိမ်းသွားနိုင်ရေးအတွက် နိုင်ငံခြား ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းတွေကိုလည်း ဂေါပကအဖွဲ့တွေ ထူထောင်ဖွဲ့စည်းခွင့် ပြုသွားမှာ ဖြစ်ပါတယ် လို့လည်း Chakma က အခိုင်အမာ ပြောပါတယ်။

" တစ်ချို့ ဗုဒ္ဓ ဂေါပကအဖွဲ့တွေအပေါ် အခွန်အကောက် ကြီးကြီးမားမား ကောက်ခံထားခဲ့ပါတယ်၊ ဒါပေမယ့် ဒီလိုက တကယ်မကောင်းလှပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က အကျိုးအမြတ်ရှာနေတဲ့အဖွဲ့အစည်းတွေမှ မဟုတ်တာပဲ" လို့လည်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်အများအပြားအနေနဲ့ အိန္ဒိယက ဗုဒ္ဓ သာသနာတော်ဆိုင်ရာ နေရာတွေမှာ ငြိမ်းချမ်းပြီး သဟဇာတဖြစ်သည့် ကျေးရွာတစ်ခု ထူထောင်ချင်နေကြပါ တယ်လို့ Chakma က ပြောပါတယ်။

" အဲဒီလို ကျေးရွာတစ်ခုမျိုး ထူထောင်တဲ့နေရာမှာ ကူညီပေးဖို့ အိန္ဒိယအစိုးရကို ကျွန်တော် တောင်းဆိုပေးသွား မှာပါ၊ နောက်ပြီး အဲဒီလို အဆောက်အအုံ အထောက်အပံ့မျိုးတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ ဗုဒ္ဓသာသနာတော် အမွေအနှစ်နေရာများဆိုင်ရာ ဦးစီးဌာနတစ်ခု ဖွဲ့စည်းဖို့ကိုလည်း တောင်းဆိုသွားမှာပါ" လို့လည်း ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly