ယာဆာအာရာဖတ်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ် ပါလက်စတိုင်းတို့ကျင်းပ

ယာဆာအာရာဖတ်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ် ပါလက်စတိုင်းတို့ကျင်းပ

 

ရာမာလာ၊ နို၀င်ဘာ ၁၀ ။           ။ ပါလက်စတိုင်းနိုင်ငံရေးသမားကြီး ယာဆာအာရာဖတ် ကွယ်လွန်ခဲ့သည်မှာ ၁၃ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး သူ့အားဂုဏ်ပြုသည့်အနေဖြင့် ရာပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများသည် ကြာသာပတေးနေ့က သူ၏ အုတ်ဂူသို့ချီတက်ခဲ့ကြသည်။

လွန်ခဲ့သော ၁၉၅၉ ခုနှစ်က အာရာဖတ်ကိုယ်တိုင် ပါတီထူထောင်ဖို့ကူညီပေးခဲ့သည့် ဖာတာပါတီ၏ဗဟိုကော် မတီမှ ကိုယ်စားလှယ်များနှင့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်း (PLO) တို့မှ အဖွဲ့ဝင်များသည်လည်း ထိုချီတက်ပွဲ၌ပါ၀င်ကာ ဂုဏ်ပြုခဲ့ကြသည်။

“ယာဆာအာရာဖတ်ဟာ ပါလက်စတိုင်းတော်လှန်ရေးကို လူစိတ်ဝင်စားလာအောင် လုပ်ဆောင်ခဲ့နိုင်ယုံသာမက ပါလက်စတိုင်းတို့ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုများကို တစ်ကမ္ဘာလုံးက သတိထားမိလာအောင် စွမ်းဆောင်နိုင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်” ဟု ဖာတာပါတီ၏ဒုတိယဥက္ကဌ မာမွတ်အယ်လ်အယ်လူက ပါလက်စတိုင်းအာဏာပိုင် အဖွဲ့၏ အကြီးအကဲဖြစ်သူ မာမွတ်အာဘတ်စ်ကိုယ်စား ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပဲရစ်မြို့ှရှိဆေးရုံ၌ ကွယ်လွန်သွားခဲ့သော အာရာဖတ်၏ ဓာတ်ပုံများနှင့် ပါလက်စတိုင်းအလံများကို ပါလက်စတိုင်းပြည်သူများက ကိုင်ဆောင်ကာ သူ၏အုတ်ဂူသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ရဲ့ လွတ်လပ်ရေးဆုံးဖြတ်ချက်အပေါ်မှာ ကျနော်တို့ဆက်လက်နှစ်မြှုပ်ထားဆဲဖြစ်ပါတယ်။ ပါလက် စတိုင်းပြည်သူများရဲ့ ပြင်းပြတဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့အချိုးညီမျှတဲ့   ဖြေရှင်းနည်းမျိုး ရှိမလာဘူးဆိုရင် မည်သည့်ဖြေရှင်းနည်းကိုမှ ကျနော်တို့လက်ခံသွားမှာမဟုတ်ပါဘူး” ဟုလည်း အယ်လ်အယ်လူက ဖြည့်စွက် ပြောကြားခဲ့သည်။

PLO ၏အလုပ်အမှုဆောင်ကော်မီတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ၀ါဆယ်အဘူယူဆပ်ဖ်က ပါလက်စတိုင်းပြည်သူ များသည် သူတို့၏အခွင့်အရေးကို ဆုပ်ကိုင်ကြိုးပမ်းရာ၌ အာရာဖတ်၏ စံနမူများနှင့် တန်ဖိုးများကို လိုက်နာ ကျင့်သုံးသွားမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

အာရာဖတ်သည် ပါလက်စတိုင်းအစိုးရအဖွဲ့၏ သမ္မတအဖြစ် လွန်ခဲ့သော ၁၉၉၄ခုနှစ်မှ သူကွယ်လွန်ချိန် ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့သူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly