ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးများတက်ရန် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးများတက်ရန် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

 

နိုဝင်ဘာ ၉ ။               ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်၏ ဖိတ်ကြားချက်အရ ဒါနန်းမြို့တွင် ကျင်းပမည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့် အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထွက်ခွာသွားခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြပြီး ကျန်အဖွဲ့ဝင်များ ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးကျော်ဝင်းတို့ သည် နိုဝင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံ လိုက်ပါသွားကြမည်ဖြစ်ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly