မြန်မာသံရုံးနှင့် အင်ဒိုသမ္မတ၏ သမီး မင်္ဂလာဆောင်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွတစ်ဦးကို အင်ဒိုရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာသံရုံးနှင့် အင်ဒိုသမ္မတ၏ သမီး မင်္ဂလာဆောင်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွတစ်ဦးကို အင်ဒိုရဲတပ်ဖွဲ့ ဖမ်းဆီး

နိုဝင်ဘာ ၉ ။             ။ မြန်မာသံရုံးနှင့် အင်ဒိုသမ္မတ ဂျိုကိုဝီ၏ သမီး မင်္ဂလာဆောင်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြံစည်ခဲ့သည့် မွတ်ဆလင် စစ်သွေးကြွတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ရကြောင်း အင်ဒိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၈ ရက်မှာ ပြောသည်။

အဆိုပါ သံသယတရားခံ အသက် ၂၅ နှစ်ရှိ ရစ်ဇ်ကီ အန်ဂါရာ ပူထရာ ဆိုသူ အမျိုးသားကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့လည်ပိုင်းက မြို့တော် ဂျာကာတာအနီး ဘက်ကာဆီမြို့ရှိ ၎င်းငှားရမ်းနေထိုင်လျက်ရှိသည့် အိမ်တွင် ရှိနေစဉ် အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ဂျာကာတာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရာဒင် အာဂို ယွီဝိုနိုက ပြောသည်။

စုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးရမိခဲ့သည့် ရစ်ဇ်ကီမှာ အိုင်အက်စ်အဖွဲ့ လိုလားသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ရကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

" ဂျာကာတာမှာ ရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်မယ့် အစီအစဉ် သူ့မှာ ရှိနေခဲ့ပါတယ်၊ နောက်ပြီး သမ္မတ ဂျိုကိုဝီရဲ့ သမီးမင်္ဂလာဆောင်အခမ်းအနားကိုပါ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပါသေးတယ်" ဆိုပြီး ၎င်းက ပြောကြားသည်။

အင်ဒိုသမ္မတ သမီးဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ဂျိုကိုဝီ၏ မွေးရပ်မြေ ဆိုလိုမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းမင်္ဂလာဆောင်အခမ်းအနားသို့ နိုင်ငံခြားသံတမန်များအပါအဝင် ဧည့်ပရိသတ် ၈,၀၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags