အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်ဖြင့်ရောက်ရှိ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်ဖြင့်ရောက်ရှိ

 

ဘေဂျင်း၊ နို၀င်ဘာ ၉ ။                ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံတော်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင် သွားရန် ရည်မှန်းထားကြောင်းသိရသည်။

ဒေါ်နယ်ထရမ့်စီးနင်းလာသော Air Force One လေယာဉ်ပျံကြီးသည် ဘေဂျင်းလေဆိပ်သို့ ဒေသစံတော်ချိန် နေ့လည် ၂း၃၅ နာရီခန့်တွင် ဆိုက်ရောက်ခဲ့ပြီး ထရမ့်နှင့်သူ၏ဇနီးသည် မီလန်နီယာတို့အား တရုတ်ကွန်မြူနစ် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့နှင့် ကလေးငယ်များက နှစ်နိုင်ငံအလံများကို ဝေ့ယမ်းကာ လက်ခံကြိုဆိုခဲ့ကြသည်။

ထရမ့်နှင့် မီလန်နီယာတို့သည် လေယာဉ်ဆိုက်ရောက်ပြီး မိနစ် ၂၀ခန့်အကြာတွင် လေယာဉ်ပေါ်မှအတူတကွ ဆင်းလာခဲ့ပြီး ကော်ဇောနီပေါ်သို့လျှောက်လှမ်းခဲ့ကြသည်။

တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာသည့် အမေရိကန်သမ္မတကြီးသည် တရုတ်သမ္မတကြီး ရှီကျင်းပင်နှင့်အတူ ကြာသာပတေးနေ့၌ တွေ့ဆုံဆွေးနွေးသွားရန်စီစဉ်ထားသလို စီးပွားရေးထိပ်သီစည်းဝေးပွဲ ကိုတက်ရောက်ပြီး နှစ်နိုင်ငံကြား စီးပွားရေးအပြန်အလှန်လုပ်ဆောင်ကြရန် သဘောတူညီချက်များ၌ လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောဧပြီလတုန်းက တရုတ်သမ္မတရှီသည် ဖလော်ရီဒါရှိ မာအေလာဂိုမှသီးသန့်နေအိမ်ကြီး၌ ထရမ့်နှင့် အတူ အစည်းအဝေးပြုလုပ်ခဲ့ပြီး ယခုအခါတွင် ထရမ့်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ဖြင့် လာရောက် လည်ပတ်ခြင်းဖြစ်သည်။

ထရမ့်သည် သမ္မတရှီနှင့်သူ၏ဇနီးသည် ပန်လီယွမ်တို့နှင့်အတူ သီးသန့်အစီအစဉ်များ ပြုလုပ်သွားရန်ရှိသလို သမ္မတနှစ်ဦးနှင့် သူတို့၏ဇနီးသည်များသည် တရုတ်ဧကရာဇ်ကြီးများကိုထားရှိသည့် သမိုင်းဝင်နန်းတော် ဖြစ်သော Forbidden City သို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး လက်ဖက်ရည်အတူတကွသောက်သုံးမည် ဖြစ်သည်။ ထို့နောက်တွင် ညစာအတူစားသုံးပြီး အော်ပရာဇာတ်အတူကြည့်ရှုကြရန် စီစဉ်ထားကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly