သီးနှံအိတ်ခွံအလေးချိန်အတွက် မုံရွာကုန်စည်ဒိုင်မဲခွဲရာ ၁၂ ကျပ်ခွဲသားထားရှိရေး အနိုင်ရ

သီးနှံအိတ်ခွံအလေးချိန်အတွက် မုံရွာကုန်စည်ဒိုင်မဲခွဲရာ ၁၂ ကျပ်ခွဲသားထားရှိရေး အနိုင်ရ

 

မုံရွာ၊ နိုဝင်ဘာ ၉ ။                ။ သီးနှံဝယ်ယူရာတွင် သီးနှံအိတ်ခွံအလေးချိန် လျော့တွက်ထား ဝယ်ယူရေးအတွက် မုံရွာကုန်စည်ဒိုင် အသင်းသားများမှ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရှိသည်။

သီးနှံအိတ်ခွံအလေးချိန်၂၅ကျပ်သား (သို့မဟုတ်)၁၂ကျပ်ခွဲသား ထားရှိရေးအတွက် ကုန်စည်ဒိုင် အသင်းသား ၃၀၀ ကျော်က ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်ပြီး ၁၂ ကျပ်ခွဲသား ထားရှိရေးက အနိုင်ရရှိခဲ့ခြင်း   ဖြစ်သည်။

"ဒီနေ့ထွက်ပေါ်ခဲ့တဲ့ရလဒ်ဟာ ကုန်စည်ဒိုင်အသင်းသားတွေရဲ့ ဆန္ဒအတိုင်းပဲဖြစ်တာကြောင့် ဒီအတိုင်းပဲ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။" ဟု မုံရွာကုန်စည်ဒိုင်ဥက္ကဌ ဦးသိန်းဦးက ပြောသည်။

ကုန်စည်ဒိုင်အသင်းသား ၃၀၃ ဦးက ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပြီး မူလအတိုင်း အိတ်ခွံအလေးချိန် ၂၅ ကျပ်သား လျှော့တွက်ထားဝယ်ယူရေးအတွက် ၉၉ မဲ၊ ပြင်ဆင်ဝယ်ယူပေးမည့် ၁၂ ကျပ်ခွဲသားအတွက် ၁၉၆ မဲ၊ ပယ်မဲ ၈ မဲတို့ ရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မုံရွာကုန်စည်ဒိုင်မှ သီးနှံဝယ်ယူရာတွင် အိတ်ခွံအလေးချိန်အား ၂၅ ကျပ်သားလျှော့ကာ ဝယ်ယူနေသည့်အတွက် သီးနှံရောင်းချသူတောင်သူများမှ နစ်နာလျှက်ရှိကြောင်း၊ ကုန်စည်ဒိုင်မှ သီးနှံဝယ်ယူရာတွင် ပုံမှန်အလေးချိန်အတိုင်းသာ ဝယ်ယူရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ကုန်စည်ဒိုင်အားတိုက်တွန်း   ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်တွင်   ဆွေးနွေးခဲ့ကြသည်။

သီးနှံဝယ်ယူရာ၌ ကုန်စည်ဒိုင်မှ အိတ်ခွံအလေးချိန်အား လျော့တွက်ထားဝယ်ယူရာတွင် ပုံမှန်အလေးချိန် အတိုင်းသာ ဝယ်ယူရန်၊ မူလဝယ်ယူနေသော ၂၅ ကျပ်သားအား လျှော့ချပေးရန် အတွက် တိုင်းဒေသကြီးအစိုးရမှ လာကြောင်းတိုက်တွန်းထားခြင်းမရှိကြောင်း၊ ၁၂ ကျပ်ခွဲသားအဖြစ် လျော့ချကာဆန္ဒမဲပေးခြင်းသည် အသင်းသားများ၏ ဆန္ဒအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးသိန်းဦးက ဆက်လက်ပြောသည်။

မုံရွာကုန်စည်ဒိုင်အား အသင်းသား ၅၄၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း အခွန်အများဆုံး ကုန်သွယ်မှုအသင်းကြီးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly