ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြည်သူကို အသိပေးပြောကြားမှုမှာ ဘာတွေပြောလဲ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြည်သူကို အသိပေးပြောကြားမှုမှာ ဘာတွေပြောလဲ

(၁၈-၈-၂၀၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သူရဦးရွှေမန်းမှ ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..

  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှု ရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။ အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုပါကြောင်း ပြောကြားလိုပါတယ်။
  • သို့ရာတွင် ကျွန်တော်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်သလို ဤကိစ္စအတွက်လည်း တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို လိုအပ်သလောက်သာ အသိပေးရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ ဤကိစ္စကြောင့် ထပ်မံပြီး ပြဿနာဖြစ် လာအောင်၊ ပြဿနာကို ပိုကြီးထွားအောင် မဖြစ်စေလိုပါ။ နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို တည်ငြိမ်ချောမွေ့စွာ ကူးပြောင်းအောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်ရန်ကိုသာ ကျွန်တော့်အနေဖြင့် လိုလားပါသည်။ ဒီအတွက် ယခုလို ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း ပဏာမ ပြောကြားရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..

  • ဦးဌေးဦး နှင့် ကျွန်တော့်ထံသို့ လိပ်မူ၍ စာတစ်စောင် ရေးသားပေးပို့လာပါတယ်။ ထိုစာတွင် “ယခုအခါ ပါတီထိပ်ပိုင်းခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီ တွင်း ဒီမိုကရေစီကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန် ထမ်းဆောင်သူ တစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း၊ ပါတီ၏ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်ကျဆင်းစေလျက်ရှိပြီး မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့်” ဟူ၍ဖော်ပြရေးသားထားပါတယ်။ ထိုဖော်ပြချက်ပါ အကြောင်းအရာ၊ အခြေအနေမျိုး ပေါ်ပေါက်စေရန် မိမိအနေဖြင့် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း အလျဉ်းမရှိပါကြောင်း ရိုးသားစွာ တင်ပြလိုပါတယ်။
  • ထိုကဲ့သို့ ရေးသားဖော်ပြထားသောစာအား ကျွန်တော့်အနေဖြင့် (၁၃-၈-၂၀၁၅) ရက်နေ့က လက်ခံရရှိခဲ့ပါတယ်။ အဆိုပါစာအား စတင်လက်ခံရရှိချိန်မှစ၍ ယခု စာရေးသားချိန် အထိဖော်ပြ ပါအချက်များ ရေးသားပေးပို့မှုအပေါ်တွင် စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဒီအတိုင်းသာထားလိုက်ပြီး နောင်မှသာ လိုအပ်ပါက ရင်ဆိုင်ဖြေရှင်းဆွေးနွေးသွားကြ မည်ဟု သဘောထားခဲ့ပါတယ်။
  • သို့ပါသော်လည်း ဤအတိုင်းထားလိုက်ပါက ဥပဒေသဘောအရ ဆိတ်ဆိတ် နေခြင်းသည် ဝန်ခံရာရောက်နိုင်သဖြင့် ကျွန်တော်တို့တစ်တွေ အမှားအမှန်၊ အကောင်းအဆိုးကို သုံးသပ် ဆင်ခြင်၍ ပြည်သူတွေ စိုးရိမ်သောကပူပန်မှုများဖြစ်ရခြင်း၊ တိုင်းပြည်အတွက်လည်း ရင်မအေးဖွယ်ဖြစ်ရခြင်းတို့မှ ကင်းဝေးစေပြီး၊ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစား သုံးသပ် ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ယူဆပါ၍ ယခုလို တင်ပြရခြင်း ဖြစ်ပါတယ်။
  • ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ညက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာကိစ္စများကို သိရှိပြီးဖြစ်ကြ၍ အထူးရှင်းလင်း တင်ပြရန် မပြုလိုပါ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..

  • ကျွန်တော်တို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုရှိရေးနှင့် ပြည်သူများကလည်း နိုင်ငံတော်အပေါ် ယုံကြည်မှုရှိစေရေးအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်ချိန်ဖြစ်ပါတယ်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်အနေဖြင့် မည်သည့်ပြဿနာမှ ပေါ်ပေါက်စေလိုသောဆန္ဒမရှိဘဲ နိုင်ငံတော်တည်ငြိမ်ပြီး နိုင်ငံသူနိုင်ငံသားများ စိတ်အေးချမ်းစွာ ရှိနေမှုကိုသာ လိုလားပါတယ်။ သို့ပါ၍ သက်ဆိုင်သူများနှင့် တာဝန်ရှိသူ များမှ နိုင်ငံအပေါ် မေတ္တာစေတနာထားပြီး ပြည်သူများ ယုံကြည်စိတ်ချစွာနှင့် တရားဥပဒေ၏ အကာအကွယ်ရရှိနေကြောင်းကို လက်တွေ့ပြသမှုဖြင့် အုပ်ချုပ်ရေးအစိုးရ၊ တရားရေးမဏ္ဍိုုင်နှင့် ဥပဒေပြုလွှတ်တော်တို့မှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စားလှယ်များမှတဆင့် အသိပေး တင်ပြခြင်းသာ ဖြစ်ပါတယ်။
  • သတင်းမီဒီယာများမှလည်း ဤကိစ္စအတွက် အထူးစိတ်ဝင်စားခြင်း၊ စိုးရိမ်ပူပန်မှုများ ရှိခြင်းကြောင့် ကျွန်တော့်အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန် တောင်းဆိုလာမှုကိုလည်း ကြိုဆိုအလေးထားပါတယ်။ ယခုလိုရှင်းလင်းတင်ပြခြင်းသည် ဤအချိန်ဤကာလအတွက် ထိုက်သင့်သော ရှင်းလင်းချက်ဖြစ်ကြောင်းကို နားလည်လက်ခံပေးကြမည်ဟု ယုံကြည်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ။

Source : H.E Thura U Shwe Mann Facebook

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly