ဘောလုံးကိုခေါင်းတိုက်ခဲ့သည့် ဒဏ်များကြောင့် ဦးနှောက်ပျက်မည်ကို အလန်ရှီးယားစိုးရိမ်

ဘောလုံးကိုခေါင်းတိုက်ခဲ့သည့် ဒဏ်များကြောင့် ဦးနှောက်ပျက်မည်ကို အလန်ရှီးယားစိုးရိမ်

နိုဝင်ဘာ ၈၊ လန်ဒန်။             ။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက ဘောလုံးကိုခေါင်းတိုက်ခဲ့သည့်ဒဏ်များကြောင့် ဦးနှောက်ပျက်မည်ကို စိုးရိမ်နေပြီး ယင်းသို့ဖြစ်နိုင်ချေရှိခြင်းကို   ဘောလုံးလောကတာဝန်ရှိသူများက ငြင်းဆန်နေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

လိုအပ်သည့်သုတေသနပြုမှုများ ထောက်ပံ့မှုများမရှိသဖြင့် ဘောလုံးကစားနည်းမှာ ကစားသမားဟောင်းများကို ဦးနှောက် ထိခိုက်စေလျှက်ရှိသည်ဟု ရှီးယားက ဆိုသည်။

ပရီးမီးယားလိဂ်တွင် ငါးဂိုးလျှင် ခေါင်းတိုက်ဂိုး တစ်ဂိုးနှုန်းဖြင့် စုစုပေါင်းဂိုး ၂၆၀ သွင်းထားသည့် အသက် ၄၇ နှစ်အရွယ် ရှီးယားသည် တစ်နေ့လျှင် အကြိမ် ၁၅၀ နှုန်းဖြင့် ခေါင်းတိုက်လေ့ကျင့်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဦးနှောက်ထိခိုက်မည်ကို စိုးရိမ်နေသူဖြစ်သည်။

ရူးသွပ်ခြင်းသို့မဟုတ် မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ကိုခံစားနေရသည့် ကစားသမားဟောင်း ၃၇၅ ဦးအနက် ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံ အင်္ဂလန်ကစားသမားဟောင်း သုံးဦးလည်းပါဝင်နေကြောင်း မယ်ရာသတင်းတွင်ဖော်ပြထားသည်။

ရှီးယားက “သုတေသနတွေ ဘယ်မှာမှ လုံလုံလောက်လောက်မလုပ်ဘူး။ အာဏာပိုင်တွေက အဖြေတစ်ခုခုထွက်လာမှာကို ကြောက်နေကြတယ်။ ဖုံးဖိဖို့ပဲလုပ်နေကြတာတော့ မကောင်းဘူး။

ကစားသမားဟောင်းကြီးတွေ ရူးသွပ်ခြင်းက ကင်းဝေးအောင် ဘောလုံးလောက က ဂရုစိုက်ပေးသင့်တယ်။ ပြစ်မထားသင့်ဘူး။ ဘောလုံးကစားနည်းက ခက်ခဲပြီးကောင်းမွန်တဲ့ကစားနည်းဆိုပေမယ့် ထိခိုက်ပျက်စီးစေတဲ့ ကစားနည်းမဖြစ်ဖို့တော့ လိုပါတယ်” ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly