သေနတ်ဒဏ်ရာဖြင့် မြန်မာအိမ်အကူအမျိုးသမီးသေဆုံးမှု ထိုင်းအလုပ်ရှင်၏ နေအိမ်သို့ သွားရောက် စစ်ဆေး

သေနတ်ဒဏ်ရာဖြင့် မြန်မာအိမ်အကူအမျိုးသမီးသေဆုံးမှု ထိုင်းအလုပ်ရှင်၏ နေအိမ်သို့ သွားရောက် စစ်ဆေး

ချင်းမိုင်၊ နိုဝင်ဘာလ ရ။           ။ ထိုင်းနိုင်ငံ လတ်ဘူရီမြို့ုခရိုင် ဘန်ပုံဒေသတွင်  အသက် ၁၇ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ အချက်အလက်များ ရယူရန် နိုဝင်ဘာလ ရ ရက်က ထိုင်းအလုပ်ရှင်၏ နေအိမ်တွင် နယ်မြေခံ ရဲတပ်ဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က လတ်ဘူရီခရိုင် ဘန်းပုံဒေသရှိ ထိုင်းအလုပ်ရှင်၏ နေအိမ်ခန်းတွင် ကရင်တိုင်းရင်းသူ မညိုညိုအေး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ   နှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှုကို သေကြောင်းကြံစည်မှုဟု နယ်မြေခံထိုင်းရဲက အမှုပိတ်သိမ်းပြီးနောက်  သေဆူံးသူ၏ မိခင်နှင့် အစ်မတို့က မညိုညိုအေး သေဆုံးမှုကို မသင်္ကာသဖြင့် ထိုင်းရာဇဝတ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(CSD)သို့ တိုင်တန်းခဲ့ရာမှ ၃ လခန့်အကြာတွင် အမှုကို ပြန်လည် ဖော်ထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့ စစ်ဆေးမှုသည် အသက် ၁၇ နှစ် မညိုညိုအေးသည် ဦးခေါင်း၌ သေနတ် ဒဏ်ရာ ၂ ချက်ဖြင့်ဖြင့် သေဆုံးခဲ့သည့် အခင်းဖြစ်ပွားမှုအခြေအနေများကို ပြန်လည် သရုပ်ဖော်၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ၄င်းအမှုတွင် ကူညီဆောင်ရွက်ပေးသော အလုပ်သမားမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောသည်။

“ဖြစ်ပုံဖြစ်နည်းပေါ့။ သေပုံသေနည်း သေတဲ့အခန်း၊ သေနတ်ထားတဲ့နေရာ၊ သေတဲ့အနေအထားတွေ နောက်ပြီးတော့ သေနတ် ကျည်ဆံ အဝင်အထွက်တွေ အဲဒါတွေ သွားပြီးတော့ သရုပ်ပြတာတွေ၊ ပုံစံ လုပ်တာတွေ အနေအထားတွေ သွားတွက်ကြည့်တာပါ၊ အိမ်ရှင်ကတော့ စကားတော့ ကျွန်တော်တို့နဲ့ မပြောဘူး။ သေနတ်ထားတဲ့နေရာပြတယ် ဒီလောက်ပဲ။ စကားမပြောဘူး။ နှုတ်နဲ့မပြောဘူး။ သေဆုံးသွားတဲ့ အမေနဲ့အစ်မကိုလည်း မပြောဘူး”ဟု ကိုရဲမင်းက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာအိမ်သို့  ယနေ့ သွားရောက်စစ်ဆေးရာတွင် အိမ်ရှင်အမျိုးသား တစ်ဦးသာရှိပြီး အိမ်ရှင်အမျိုးသမီးနှုင့် မညိုညိုအေး သေဆုံးကြောင်း ရဲစခန်းသို့ အမှုဖွင့်ခဲ့သော သမီးဖြစ်သူလည်း နေအိမ်တွင် မတွေ့ခဲ့ကြောင်း သူက ပြောသည်။

ယခု အမှု စစ်ဆေးမှုအရ ရဲ က အစောပိုင်းတွင် မညိုညိုဝင်းသည် ကိုယ့်ကိုကိုယ် သတ်သေကြောင်း ပြောဆိုခဲ့သော်လည်း ယခုတွင်မူ ကိုယ့်ကိုကိုသတ်သေကြောင်း ပြောဆိုခြင်း မရှိဘဲ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းသာ ပြောဆိုခဲ့သည်ဟု ကိုရဲမင်းက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဆွန်ဖီးဒေသတွင် မညိုညိုအေးကို မြှုပ်နှံထားသော အုတ်ဂူဖွင့်၍ အလောင်းကို ပြန်လည် ဖော်ထုတ်၍ ထိုင်းအမျိုးသားရဲဆေးရုံတွင် မညိုညိုအေး၏ အလောင်းစစ်ဆေးနေဆဲ ဖြစ်သည်။

“အလောင်းကို ဆံပင်တွေ ရိတ်ပြီးတော့ သေနတ်ကျည်ဝင်ပုံတွေကို သေချာ စစ်ဆေးထားပြီးပြီ။ မုဒိမ်းကျင့်ခံရ မရ စစ်ဆေးထားတယ်။ ဒါပေမဲ့ အဖြေတော့ မပေးသေးဘူး။ သေချာတဲ့အဖြေတစ်ခုက   ပေးတယ်။ ကျည်ဆံက ပထမက ရဲတွေ သုံးသပ်ထားတာ ညာဘက်က ဝင်တာတဲ့။ အခု ဒီထို်င်းအမျိုးသားရဲဆေးရုံက စစ်ချက်ထွက်လာတာက ကျည်ဆံက ဘယ်ဘက်ကပဲ ဝင်တယ်တဲ့။ အတိအကျ ရဲတွေက မပြောသေးဘူး”ဟု ကိုရဲမင်းက ပြောသည်။

မညိုညိုအေး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာသံရုံးမှအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်ပေးနေသော မဟာမိတ်အဖွဲ့ (AAC)မှ တာဝန်ရှိသူများ၊ ထိုင်းမှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)တို့ ပူးပေါင်း လုပ်ဆောင်နေသဖြင့် အမှုမှန်ဖော်ထုတ်နိုင်လိမ့်မည်ဟု မျော်လင့်ထားသည်ဟု ကိုရဲမင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly