ပရီးမီးယားလိဂ်တွင် ၈ မှတ်ကွာဟခြင်းမှာ အခြားလိဂ်များနှင့် မတူညီကြောင်း မော်ရင်ဟို ပြော

ပရီးမီးယားလိဂ်တွင် ၈ မှတ်ကွာဟခြင်းမှာ အခြားလိဂ်များနှင့် မတူညီကြောင်း မော်ရင်ဟို ပြော

နိုဝင်ဘာ ၆၊ အင်္ဂလန် ။          ။ ချယ်လ်ဆီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနည်းပြ မော်ရင်ဟိုက ပရီးမီးယားလိဂ်တွင် ရမှတ် ၈ မှတ်ကွာဟနေခြင်းမှာ အခြားလိဂ်များနှင့်တူညီမှု မရှိကြောင်း ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ထိပ်ဆုံးမှ မန်စီးတီးနှင့် ၈ မှတ်ကွာဟသွားပြီ ဖြစ်သည်။ သို့သော် ထို့အတွက် အလွန်စိုးရိမ်ပူပန်မှုမျိုးမရှိကြောင်း မော်ရင်ဟိုက ဆိုသည်။

“ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဆင့် ၂ မှာပါ။ အခြားအသင်း ၁၈ သင်းက ကျွန်တော်တို့ထက်ပိုပြီး စိုးရိမ်စရာရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ရမှတ် ၈ မှတ်ကွာနေတာက ပေါ်တူဂီလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါတို့နဲ့ မတူပါဘူး။ ပွဲတွေအများကြီးကစားဖို့ ကျန်ပါသေးတယ်။

ပေါ့ဂ်ဘာ၊ မိုဗစ်နဲ့ရိုဂျိုတို့ ပြန်ကစားနိုင်ရင်တော့ နိုဝင်ဘာလကုန်ပိုင်း၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအစောပိုင်းတွေမှာ ကစားရမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရမယ်လို့ မျှော်လင့်ပါတယ်။ ရလဒ်ကောင်းရမယ်လို့ ယုံကြည်သလို မျှော်လည်း မျှော်လင့်ပါတယ်” ဟု မော်ရင်ဟိုက ပြောသည်။

ပွဲအပြီးတွင် ကွန်တီနှင့် နှုတ်ဆက်ခြင်းမပြုခဲ့ခြင်းနှင့် ပတ်သက်၍မူ မော်ရင်ဟိုက “ကွန်တီက ပွဲပြီးတော့ ကွင်းထဲကိုဝင်သွားပြီး အောင်ပွဲသွားခံနေပါတယ်။ သူ့ရဲ့ လက်ထောက်နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်။ ကွန်တီကိုနှုတ်ဆက်ဖို့ ကျွန်တော်ကွင်းထဲအထိ လိုက်မသွားနိုင်ပါဘူး။ တစ်ဂိုး၊ သုံးမှတ်ရသွားတဲ့ သူတို့အသင်းအတွက် ဂုဏ်ယူပါတယ်” ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly