မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရှားပါးမျောက်ဝံမျိုးစိတ်သစ်တစ်မျိုး အင်ဒိုနီးရှားတွင် တွေ့ရှိ

မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရှားပါးမျောက်ဝံမျိုးစိတ်သစ်တစ်မျိုး အင်ဒိုနီးရှားတွင် တွေ့ရှိ

 

နိုဝင်ဘာ ၄ ။                         ။  အင်ဒိုနီးရှားနိုင်ငံတွင်းက ဝေးလံခေါင်ပါးတဲ့ တောအုပ်တစ်ခုထဲကနေ ရှာဖွေတွေ့ရှိထားခဲ့တဲ့ မျောက်ဝံမျိုးစိတ်သစ်တစ်မျိုးဟာဆိုရင် ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တစ်ခု ဖြစ်နေကြောင်း သုတေသီတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

" နှစ်ပေါင်း ၁၀၀ လောက်အတွင်း ဒီ ရှားပါးမျောက်ဝံကြီး မျိုးစိတ်သစ်ကို ဒါ ပထမဆုံးအကြိမ် ဖော်ထုတ်တွေ့ရှိတာဖြစ်ပါတယ်" လို့ ယခု မျောက်ဝံတွေကို လေ့လာနေတဲ့ အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အိုင်ယန် ဆင်ဂလီတန်က ပြောပါတယ်။

အင်ဒိုနီးရှားမှာ ဆူမားတြားကျွန်းပေါ်မှာရှိတဲ့ ဘက်တန်း တိုရူ တောအုပ်တွင်းမှာ နေထိုင်ကြတဲ့ ယခု မျောက်ဝံမျိုးစိတ်ကိုတော့ တာပါနူလီ မျောက်ဝံတွေလို့ ခေါ်ဆိုပြီး အကောင်ရေအားဖြင့် ၈၀၀ ခန့် သာ ရှိတော့ကြောင်း သိရပါတယ်။

အဆိုပါ တာပါနူလီ မျောက်ဝံတွေဟာ မူလတုန်းကတော့ ကနဦး မျောက်ဝံတွေကနေ တိုက်ရိုက်ဆင်းသက်လာခဲ့ကြတဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ မူလနေထိုင်ရာ အာရှပြည်မကြီးကနေ အင်ဒိုနီးရှားတောအုပ်တွေထဲ ကျက်စားနေထိုင်လျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယခုအချိန်မှာ ယင်းမျောက်ဝံမျိုးစိတ်ဟာ မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး  ကျန်ရှိနေတဲ့ နည်းပါးလှတဲ့ အကောင်ရေ ၈၀၀ ခန့်ဟာလည်း လူသားတို့ရဲ့ မိုင်းတူးဖော်မှု၊ စိုက်ပျိုးမြေ ချဲ့ထွင်မှု၊ တရားမဝင် သစ်ထုတ်လုပ်မှု၊ ရေအားလျှပ်စစ် စီမံကိန်းဖော်ဆောင်မှုတို့အောက်မှာ ခြိမ်းခြောက်ခံနေရလျက်ရှိကြောင်းလည်း သုတေသီတွေက ပြောပါတယ်။

ယင်းအတွက်ကြောင့် ယခု ရှားပါးမျောက်ဝံမျိုးစိတ်ကို ကာကွယ်ထိန်းသိမ်းပေးဖို့အတွက် အရေးပေါ် ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့လိုအပ်နေကြောင်း သုတေသီတွေက ထပ်လောင်းသတိပေးပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly