လေးတိုင်စင်တဲများ ပျက်စီးနေသည့်အတွက် ၅၂ လမ်းစျေး မဖွင့်နိုင်သေး

လေးတိုင်စင်တဲများ ပျက်စီးနေသည့်အတွက် ၅၂ လမ်းစျေး မဖွင့်နိုင်သေး

 

ရန်ကုန် နိုဝင်ဘာ ၃။            ။ စျေးရောင်းချရန် မှာယူထားသည့် လေတိုင်စင်တဲအချို့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားသည်ကို ပြုပြင်နေရသည့်အတွက် ယခင်က သီတင်းကျွတ်လအတွင်း  ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ၅၂ လမ်းစျေးကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

၅၂ လမ်း နေ့၊ ညစျေးဖွင့်လှစ်ရန် စျေးရောင်းချသူ များအသုံးပြုမည့် လေးတိုင်စင်တဲ အလုံးရေ ၁၅၀ ကို တရုတ်နိုင်ငံမှ မှာယူခဲ့သည်။ ယခုအခါ ရာသီ ဥတုဒဏ်ကြောင့် စုတ်ပြဲခဲ့သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီနှင့်ဆက်သွယ်၍ ပြင်ဆင်နေသည်ဟု ပုဇွန်တောင်မြို့နယ်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က မဇ္ဈိမသို့ ပြောသည်။

" ထီးတွေတပ်ပြီး မိုး နှစ်ခါ၊ သုံးခါရွာလိုက်တော့ ရေတွေအိုင်ပြီး၊ တစ်ချို့ထီးတွေဆို ပြဲထွက်ကုန်တယ်၊ ထီးတွေ ပျက်ဆီးသွားတာနဲ့ပတ်သက်ပြီး၊ ကုမ္ပဏီ နဲ့ ဆက်သွယ်ပြီး ပြန်ပြင်ဆင်နေကြတယ်" ဟု စည်ပင်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောသည်။

ပုဇွန်တောင်နေ့/ညစျေးကို ပုဇွန်တောင် ၁၀ ရပ် ကွက်ရှိ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းကြား တွင် ဟင်းသီးဟင်းရွက်နှင့် အသားငါးစျေးသည်များက နံနက် ၆ နာရီမှ နေ့လည် ၁၁ နာရီအထိ နှင့် မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ အစားအသောက်နှင့် သစ်သီးတို့ ရောင်းချသွားမည် ဖြစ်သည်။ လေးတိုင်စင်တဲများတွင် မီးလုံးများ တပ်ဆင်သွားမည်ဖြစ်ပြီး၊ လုံခြုံရေး CCTV ကင်မရာ ၁၅ လုံးလည်း တပ်ဆင်ထားသည်။

အဆိုပါစျေးကို ယခုနိုဝင်ဘာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များနှင့်အစည်းအဝေးထိုင်ပြီး စျေးဖွင့်မည့်ရက်ကို အတိအကျသတ်မှတ်သွားမည်ဟု ပုဇွန်တောင်မြို့နယ်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောသည်။

" ကျွန်တော်တို့ စည်ပင်အပိုင်းကတော့ တော်တော်များများ ပြီးသွားပါပြီ၊ စျေးဌာနကိုလည်း ဒီစျေးအတွက် စျေးတာဝန်ခံထားမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီလထဲမှာ အစည်းအဝေးထိုင်ဖြစ်ပြီး စျေးဖွင့်ဖို့အတွက် ရက်သတ်မှတ်သွားမှာပါ" ဟု ဦးဇော်မြင့်က ပြောသည်။

ယင်းစျေးတန်းတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ၄၉ လမ်းကဲ့သို့သော လမ်းမတန်းများနှင့် လမ်းသွယ်များအတွင်းမှ စျေးသည်များအား မဲဖောက်ပေးပြီး ၈ ပေပတ်လည်၊ စျေးဆိုင်ခန်း ၁၃၈ ခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly