ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများကို ဂုဏ်သိက္ခာရှိစွာပြန်ခေါ်ရန် ကုလသမဂ္ဂ တောင်းဆို

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများကို ဂုဏ်သိက္ခာရှိစွာပြန်ခေါ်ရန် ကုလသမဂ္ဂ တောင်းဆို
ဓာတ်ပုံ -AFP

ရန်ကုန်၊ မြန်မာ၊ နို၀င်ဘာ ၂ ။              ။ ကမ္ဘာ့ကုလသမဂ္ဂမှ လက်ထောက်မဟာမင်းကြီး မစ္စတာဗော်လ်ကာတာ့ခ်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် နှစ်ရက်တာခရီးစဉ်အတွင်း မြန်မာအစိုးရအား လိုအပ်သောအသိုက်အဝန်းများတွင် လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အလမ်းများကို အကန့်အသတ်မရှိပေးရန်၊ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသောဒုက္ခသည်များအား ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြံုစွာ ပြန်ခေါ်ရန် တောင်းဆိုခဲ့သည်။

တာ့ခ်သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သို့သွားရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြံုရေးအကြံပေး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးတင့်ဆွေတို့နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီးက ရခိုင်ပြည်နယ်အတွင်းရှိ အသိုင်းအဝိုင်း အားလုံးကို အကာအကွယ်ပေးရန်နှင့် ဘေးကင်းလုံခြံုသောပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် မြန်မာအစိုးရ အား တိုက်တွန်းပြောဆိုခဲ့သည်။ ဒါ့အပြင် အကန့်မသတ်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အလမ်းများ ကို လိုအပ်သောအသိုင်းအဝိုင်းများ၌ ဖန်တီးပေးရန်နှင့် ယုံကြည်မှုများတည်ဆောက်ရန် တောင်းဆိုခဲ့ သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသော သိန်းနှင့်ချီသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ပြန်လာခွင့်ပေးရန်နှင့် ဘင်္ဂါလီများအားနေရပ်သို့ ပြန်လည်ခေါ်ဆောင်ရာ၌ ၄င်းတို့ဆန္ဒအလျောက် ဘေးကင်းစွာ ပြန်လာနိုင်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

အောက်တိုဘာလ ၃၁ရက်နေ့က ဒုက္ခသည်များအား ဆန္ဒအလျောက်နေရပ်ပြန်ပို့ရေးအတွက် နိုင်ငံတကာ အဆင့်မီလမ်းညွှန်မှု အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး(UNHCR) နှင့် အတူတကွ ပူးပေါင်းကျင်းပခဲ့သည့် မြန်မာအစိုးရ၏ ပဏာမခြေလှမ်းတစ်ရပ်ကိုလည်း တာ့ခ်က ကြိုဆိုခဲ့သည်။

UNHCR သည် မြန်မာအစိုးရအား အကူအညီပေးဖို့အသင့်ရှိနေပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် အစိုးရ၏ ဒုက္ခသည်များ နေရပ်ပြန်ပို့ပေးရေးစီမံကိန်း၌ ကုလသမဂ္ဂဒုက္ခသည်   အေဂျင်စီပါ၀င်နိုင်ဖို့ ခြေလှမ်းတစ်ရပ်ဖြစ်နိုင် သည်ဟု မျှော်လင့်ကြောင်း တာ့ခ်က ပြောခဲ့သည်။

ထို့အပြင် တာ့ခ်က ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့၏ ထောက်ခံချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ထပ်မံကြိုဆိုခဲ့ပြီး   ကော်မရှင်အဖွဲ့သည် ရှေ့ဆက်သွားနိုင်မည့် အရေးပါသော လမ်းပြမြေပုံတစ်ခုကို စီစဉ်ပေးထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလက်ထောက်မဟာမင်းကြီးသည် မြန်မာနိုင်ငံခရီးစဉ်ပြီးနောက်တွင် ထိုင်းနိုင်ငံသို့ဆက်လက် သွားရောက်မည်ဖြစ်ပြီး လာမည့်အပတ်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး သူ၏ဒေသတွင်း ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly