နယူးယောက်တိုက်ခိုက်မှု၏ လက်သည်တရားခံအား အကြမ်းဖက်ပုဒ်မဖြင့် အမေရိကန်တရားစွဲဆို

နယူးယောက်တိုက်ခိုက်မှု၏ လက်သည်တရားခံအား အကြမ်းဖက်ပုဒ်မဖြင့် အမေရိကန်တရားစွဲဆို

 

နယူးယောက်၊ အမေရိကန်ပြည်ထောင်စု၊ နိုဝင်ဘာ ၂ ။           ။ နယူးယောက်တိုက်ခိုက်မှု၏ အဓိကလက်သည်တရားခံဖြစ်သော ဥဇဘတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးကို အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုထားပြီး ထိုတရားခံသည် အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန် ရန် လွန်ခဲ့သောနှစ်ကစတင်၍ အစီအစဉ်ချမှတ်ခဲ့သလို သူ၏လုပ်ရပ်အတွက် သူ့ကိုယ်သူဂုဏ်ယူနေကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ဆေဖူလိုဆိုင်းပေါ့ဗ်အမည်ရှိ အသက် ၂၉ နှစ်အရွယ်တရားခံကို ရဲတပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ ပြီး ဆေးရုံ၌သူ့ကို စစ်ဆေးမေးမြန်းစဉ်တွင် တိုက်ခိုက်မှုကိုသူကိုယ်တိုင်ကျူးလွန်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း အစိုးရရှေ့နေများက ပြောခဲ့သည်။

ဆိုင်းပေ့ါဗ်သည် မန်ဟတ်တန်အောက်အရပ်ရှိ လမ်းမကြီးပေါ်မှ လမ်းသွားလမ်းလာများနှင့် စက်ဘီးသမားများ ကို အင်္ဂါနေ့က ပစ်ကပ်ကားနှင့် အရှိန်ပြင်းစွာဝင်တိုက်ခဲ့ပြီး သူ၏ကားအတွင်းမှထွက်လာစဉ်တွင် “ဘုရားသခင် သာ ကြီးမြတ်ရာ” ဟု အာရပ်ဘာသာစကားဖြင့် အော်ဟစ်ခဲ့ကြောင်း ၁၀ မျက်နှာခန့်ရှည်လျားသည့် တရားစွဲဆို မှု မှတ်တမ်းထဲ၌ ဖော်ပြထားသည်။

သူသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့၏လုပ်ရပ်များကို အားကျလျက်ရှိကြောင်း စစ်ဆေးမေးမြန်းသူများ အား ပြောဆိုခဲ့သလို သူ၏လက်ကိုင်ဖုန်းထဲ၌ IS တို့၏ အကြမ်းဖက်မှုများကျူးလွန်နေသော ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကိုတွေ့ရှိရသည်။ ဒါ့အပြင်သူသည် အမေရိကန်၌ အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ရန် လွန်ခဲ့သော တစ်နှစ်ကတည်းက စတင်စီစဉ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဥပဒေအရာရှိများနဲ့ အမေးအဖြေပြုလုပ်ခဲ့တုန်းက သူ့ရဲ့ဆေးရုံအခန်းထဲမှာ IS အလံတွေ လွှင့်ထားပေးဖို့ ဆိုင်းပေါ့ဗ်က တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် သူ့ကိုယ်သူဂုဏ်ယူနေတယ်လို့လည်း ပြောပါတယ်” ဟု FBI အထူးအေးဂျင့်၏ ပြောကြားချက်အား တရားစွဲဆိုမှုမှတ်တမ်းထဲ၌ ဖော်ပြထားသည်။

“သူဟာ ဟောလိုးဝင်းပွဲတော်ကျင်းပတဲ့ရက်မှာ တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနေ့ကျရင် လမ်းမပေါ်မှာ လူအများကြီးရှိမယ်လို့ သူယုံကြည်ထားလို့ပါ” ဟု မှတ်တမ်းထဲ၌ ဖော်ပြထားသည်။ ဆိုင်းပေါ့ဗ်၏ တိုက်ခိုက်မှုကြောင့် အာဂျင်တီးနားနိုင်ငံသား ၅ ဦးအပါအဝင် လူ ၈ဦးခန့်သေဆုံးခဲ့ပြီး ၁၁ဦးခန့်ဒဏ်ရာရခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါတိုက်ခိုက်မှုနှင့် ပက်သက်နေသည့် နောက်ထပ်ဥဇဘတ်လူမျိုးတစ်ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly