မကွေးမြို့နယ်အတွင်း ဆောင်းမြေပဲအထွက်နှုန်း ကျဆင်းပြီး တောင်သူများ စျေးကောင်းမရ

မကွေးမြို့နယ်အတွင်း ဆောင်းမြေပဲအထွက်နှုန်း ကျဆင်းပြီး တောင်သူများ စျေးကောင်းမရ

 

မကွေး   နိုဝင်ဘာ   ၂ ။           ။ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆီ ထွက်သီးနှံအဖြစ် အဓိကအားထားစိုက်ပျိုးနေသည့် မြေပဲအထွက်နှုန်းကျဆင်းနေသည့်အပြင်   စျေးကောင်း မရခဲ့သည့်အတွက် တောင်သူများ ဆုံးရှုံး နစ်နာမှုအချို့ရှိခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်ကျေးရွာများဖြစ်ကြသည့် သန်းတောကုန်း၊ မကြီးကန်၊ ဆားတိုင်ကန်၊ ပုထိုးစမ်း၊ သပြေ စမ်းကျေးရွာတို့မှ ပဲစိုက်တောင်သူများသည် မိုးဦး ကာလတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုနှင့် ကြွက် များဖျက်ဆီးခဲ့မှုတို့ကြောင့် ယခုနှစ် ပဲပေါ်ရာသီတွင် နစ်နာမှုအချို့ရှိခဲ့သည်။

" မနှစ်က ပဲစင်းငုံစိုက်တာ ကြွက်စားသွားလို့ ဘာမှ မရလိုက်ဘူး၊ ဒီနှစ်မှာ ပဲစင်းငုံ လုံးဝမစိုက်တော့ဘဲ မြေပဲကို အဓိကအားထားစိုက်မှ ကြွက်စားလို့ ထပ် ပျက်စီးသွားတယ်" ဟု ပုထိုးစမ်းကျေးရွာမှ တောင်သူ ဦးမောင်အေးက ပြောသည်။

ထို့ပြင် အလုပ်သမား စရိတ်၊ သယ်ယူပို့ဆောင်ခစရိတ်များ ကြီးမြင့်နေမှုကြောင့်လည်း ပိုမိုနစ်နာရသည်ဟု ၄င်း က ဆက်လက်ပြောပြသည်။

မကွေးမြို့နယ်တွင် မြေပဲအဖြူကို စိုက်ပျိုးမှုနည်းပါး ပြီး ပြည်ပဝယ်လိုအားကောင်းသည့် စွန်တာနီ(ခေါ်) မြေပဲနီကို အဓိကအားထားစိုက်ပျိုးကြခြင်းဖြစ်သည်။ထို့ကြောင့် ဆောင်းမြေပဲအဖြစ် စိုက်ပျိုးသည့်မြေပဲနီကို သီတင်းကျွတ်လပြည့်ကျော်က စတင်ဖော်နေပြီ ဖြစ်သည်။

မြေပဲဆံစျေးနှုန်းမှာ ပြီးခဲ့သည့်နှစ်က ၁ တင်းလျှင် ၁ သောင်းဝန်းကျင် စျေးနှုန်းပေါက်ခဲ့သော်လည်း ယခုနှစ်တွင် မြေပဲဆံ အခြောက် ၁ တင်းလျှင် ကျပ်ငွေ ၈၅၀၀ မှ ၉၀၀၀ အထိ၊ မြေပဲဆံအစိုဆိုမှာ ကျပ်ငွေ ရ၅၀၀ မှ ၈၀၀၀ အထိ စျေးနှုန်းပေါက်နေ သည်။

လက်ရှိအနေအထားတွင် ဆီစက်ပိုင်ရှင်များက ရသလောက်ဝယ်ယူနေပြီး တစ်ချိန်တည်းမှာပင် ဈေးကွက်အတွင်း ကုန်ကြမ်းဝင်ရောက်မှု နည်းပါး နေ ခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လျက် ရှိသည်ဟူသောသတင်းများထွက်ပေါ်နေသော်လည်း တောင်သူများမှာ စျေးနှိမ်ဝယ်ယူခြင်းများ လည်း ခံစားနေရသည်ဟု မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာမှ ပဲစိုက်တောင်သူ ဒေါ်ဇာဇာစန်း က ပြောသည်။

"ဝယ်လိုအားကတော့ ကျွန်မတို့ သတင်းတွေထဲ ဖတ်ရတာပေါ့နော်၊ ပြည်ပကလည်း အဝယ်တွေ သွက်နေတယ်၊ ရောင်းလိုအားနည်းပြီး ဝယ်လိုအား သွက်နေတယ် သတင်းတွေထဲဖတ်ရတယ်၊ ဒါပေမယ့် တစ်ကယ့်မြေပြင်အနေအထားကျတော့ စျေးကွက်အခြေအနေ မသိနားမလည်တဲ့တောင်သူ တွေကို စျေးကွက်မလိုအပ်တဲ့ပုံစံမျိုး စျေးနှိမ်ဝယ် တာမျိုးတွေရှိနေတယ်" ဟု ဒါ်ဇာဇာစန်းက မဇ္ဈိမသို့ ပြောသည်။

မြေပဲသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်တင်ပို့ကုန် စနစ်ဖြင့် တင်ပ ို့ခွင့်ပြုထားသည့် သီးနှံအမယ်လည်း ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် မြေပဲ စိုက်ဧက ၂၃သိန်းကျော် ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူနှင့် ထိုင်း နိုင်ငံများသို့ အဓိကတင်ပို့နေရပြီး ယခင်ဘဏ္ဍာနှစ် တွင် မြေပဲဆန်တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၁၀ဝကျော် (တန်ချိန် တစ်သိန်းကျော်) ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင်   စိုက်ပျိုးပြီး၊ ချင်း ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင်လည်း မြေပဲကို အနည်းငယ် စိုက်ပျိုးကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly