ပါတီကနေ အထုတ်ခံလိုက်ရတဲ့ အီကွေဒေါသမ္မတ

ပါတီကနေ အထုတ်ခံလိုက်ရတဲ့ အီကွေဒေါသမ္မတ

 

နိုဝင်ဘာ ၂ ။                      ။ အီကွေဒေါသမ္မတ လီနင် မိုရီနိုကို ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ၎င်းရဲ့ ပါတီဖြစ်တဲ့ Alliance Pais (AP) ပါတီက နိုဝင်ဘာ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။ ယခုအခြေအနေကြောင့် အဆိုပါနိုင်ငံမှာ ကြံုတွေ့နေလျက်ရှိတဲ့ နိုင်ငံရေးအကျပ်အတည်းကလည်း ပိုမိုအရှိန်မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

" လီနင် မိုရီနိုကို ပါတီ ဥက္ကဌနေရာကနေ ခုပဲ ဖယ်ရှားလိုက်ပါပြီ" ဆိုပြီး AP ပါတီက ထုတ်ပြန်ကြေညာပါတယ်။

မေလ ၂၄ ရက်က မစ္စတာ မိုရီနို ယင်းနိုင်ငံမှာ စတင်အာဏာရလာပြီးချိန်ကတည်းက AP ပါတီတွင်းမှာတော့ အကွဲအပြဲတွေ ဖြစ်လာခဲ့ပြီး ၎င်းကို ထောက်ခံသူတွေနဲ့ သမ္မတဟောင်း ရာဖေး ကော်ရီယာကို ထောက်ခံသူတွေအကြား တင်းမာမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

ယင်းနောက် လက်ရှိ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတ မိုရီနိုဟာ အတိုက်အခံ ပါတီရဲ့ ပရိုဂရမ်အစီအစဉ်တွေကို ဖော်ဆောင်ပေးနေပြီး နိုင်ငံရဲ့ သွေးစည်းညီညွတ်မှုကို ပျက်ပြားစေနေတယ်ဆိုပြီး AP ပါတီက စွပ်စွဲခဲ့ပါတယ်။

ယခုအခါ ပါတီအနေနဲ့ မိုရီနိုရဲ့ နေရာမှာ ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီကာဒို ပါတီနိုကို အစားထိုးခန့်ထားလိုက်ပြီဖြစ်ပါတယ်။

ယခု ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တစ်ဘက်သက်ဆန်တဲ့လုပ်ရပ်အဖြစ် အစိုးရအဖွဲ့ဝန်ကြီးတွေက ရှုတ်ချပြောဆိုသွားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း ပါတီရဲ့ အောက်ခြေလူထုရဲ့ လက်တွေ့ခံယူချက်တွေကို ကိုယ်စားပြုမှာမဟုတ်ကြောင်းလည်း အီကွေဒေါအစိုးရက ပြောပါတယ်။

" ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့အဖွဲ့အစည်းတွင်းမှာတော့ တက်ကြွသူတွေအဖြစ် ဆက်ချီတက်သွားမှာပါ" ဆိုပြီး နိုင်ငံရေးစီမံမှုဝန်ကြီးဌာနဝန်ကြီး မီဂွယ် ကာဗာဂျယ်က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly