ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုကတော့ ယင်းရဲ့ဝန်ထမ်းတွေထဲမှာ ဆေးလိပ်မသောက်တတ်သူတွေကို ၎င်းတို့ တစ်နှစ်တာရရှိနေတဲ့ ပုံမှန်အားလပ်ရက်တွေအပြင် နောက်ထပ် ခြောက်ရက် ထပ်ပြီး နားခွင့်ပြုတဲ့ အစီအစဉ်ကို ကျင့်သုံးနေလျက်ရှိတယ်လို့ သိရပါတယ်။
ဆေးလိပ်မသောက်တဲ့ဝန်ထမ်းတွေကို အားလပ်ရက် ပိုပေးတဲ့ အစီအစဉ်ကို တိုကျိုအခြေစိုက် အွန်လိုင်း ကုန်သွယ်ရေးအတိုင်ပင်ခံနဲ့ မာကက်တင်းကုမ္ပဏီ Piala က ပြီးခဲ့တဲ့စက်တင်ဘာလက စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ယင်းကုမ္ပဏီက ၀န်ထမ်းတစ်ချို့ အလုပ်ချိန်အတွင်း ဆေးလိပ်ထွက်သောက်ပြီး အနားရနေတဲ့အခြေအနေမျိုးမှာ ဆေးလိပ်မသောက်တတ်တဲ့ ၀န်ထမ်းတွေကတော့ ၎င်းတို့လိုမျိုး ခေတ္တအနားယူချိန်မျိုး မရရှိခဲ့တာကြောင့် ကုမ္ပဏီတာဝန်ရှိသူတွေအပေါ် စောဒကတက်ခဲ့တယ်လို့ သိရပါတယ်။
ယခုလို ဆေးလိပ်မသောက်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ချို့က ကွန်ပလိန်းတက်ခဲ့လို့ တာဝန်ရှိသူတွေက ၎င်းတို့ကို ယခုလို အကျိုးခံစားခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
" ကျွန်တော်တို့ရုံးက ၂၉ ထပ်အမြင့်မှာ ရှိတာလေ၊ အဲတော့ သူတို့အောက်ဆုံးမြေညီထပ်က ဆေးလိပ်သောက်အခန်းဆီ ဆင်းကြရတော့ အနည်းဆုံး ၁၀ မိနစ်လောက်တော့ ကြာတတ်တာပေါ့၊ တကယ်တမ်းကျတော့လည်း သူတို့ အဲဒီအခန်းမှာကလည်း ပုံမှန်ကတော့ အလုပ်အကြောင်းပဲ ဆွေးနွေးကြတာပါပဲ၊ ဒါပေမယ့်လည်း ခုလိုအနေအထားမှာက သူတို့လို ဆေးလိပ်သောက်သူတွေကိုအရေးယူတာထက် မသောက်တဲ့သူတွေကို အကျိုးခံစားခွင့် တစ်ခုခု ပြန်ပေးဖို့ကိုပဲ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်" ဆိုပြီး ယင်းကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် Hirotaka Matsushima က ပြောပါတယ်။ ပြောပါတယ်။
ပြီးခဲ့တဲ့ကာလတွေတုန်းက ၀န်ထမ်းတစ်ချို့ဟာ ဆေးလိပ်ထွက်သောက်ဖို့ ပုံမှန်လိုလို အလုပ်ထဲကနေ ပျောက်ပျောက်သွားတတ်ပြီး အများဆုံး ၁၅ မိနစ်လောက် ကြာနေခဲ့တာကြောင့် ရုံးတွင်းမှာ မကျေနပ်ချက်တွေ ကြီးထွားလာနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ယင်းပရိုဂရမ်ကို စတင်ကျင့်သုံးပြီးကတည်းက ဆေးလိပ်သောက်တတ်တဲ့ ၀န်ထမ်း ၄၂ ဦးအနက် လေးဦးကတော့ ဆေးလိပ်ဖြတ်သွားတာကို တွေ့ရတယ်ဆိုပြီးတော့လည်း ယင်းကုမ္ပဏီက ထုတ်ပြန်သွားပါတယ်။